လောင်းလုံးရှိ ခမောင်းတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားနေ၊ တနင်္သာရီရှိ သိန်ခွန်းကျေးရွာမှ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာနှင့် စခန်းကြီးရွာ အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဘက်မှလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၄ စီးပါ ယာဥ်တန်းသည် ခမောင်းတောင်ရွာဘက်ကို ဝင်ရောက်လာခဲ့ပြီး ခဏ အကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်နက်ကြီးသံများ သေနတ်များဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာရှိ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ကစတင်ပြီး တနင်္သာရီ-မောတောင်လမ်းအတိုင်း စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တနင်္သာရီဘက်ကို ပြန်လည် ဆုတ်ခွာလာချိန် ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သိန်းခွန်းရွာမှ ဦးလှဝင်း နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)