ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များထံ အရောက်သွားရန်ရှိဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီးပြောဆို
ရန်ကုန်၊ ဩဂုတ် ၃
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များထံ အရောက်သွားရန်ရှိကြောင်း ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfieldက ပြောဆိုလိုက်သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဩဂုတ် လတွင် စတင်ရယူပြီးနောက် ဩဂုတ်လ ၁ ရက်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြော ဆိုလိုက်ခြင်းဖြစ်သည်။
“အခြေအနေကို ကျမတို့ နားလည်ပါတယ်။ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ ကုလသမဂ္ဂနဲ့ အနီး ကပ် ပူးပေါင်း အရေးယူဆောင်ရွက်နေ ပါတယ်။ တကယ်တော့ ကျမရဲ့ အစီအစဉ်တွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် တွေဆီ အရောက်သွားဖို့ စီစဉ်ထားတာရှိပါတယ်။ ကျမအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ၊ INGO တွေနဲ့အတူ ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတူတကွ အလုပ်လုပ်သွားမှာပါ။ ကျမ တို့ က အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပေမယ့် ဒီလိုအပ်ချက်တွေကို ကျမတို့ တစ်ဦးတည်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အခြားသော အလှူရှင်တွေကို ပါဝင်ဖို့ ကျမတို့က အားပေးနေပါတယ်” ဟု အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfieldက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာလူမျိုး များကို သန်းချီ အတင်းအကျပ် ပြောင်းရွှေ့စေပြီး လူမျိုးတုန်းသတ်ဖြတ် မှု များကို အကြီးအကျယ် ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာက ထုတ်ပြန် ပြောဆိုထားသည်။