31 C
Yangon

အကြမ်းဖက် စစ်ကောင်စီရဲ့ အယောင်ဆောင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အဆုံးထိ သွားရမဲ့ မြန်မာ့နွေဦး တော်လှန်ရေး

Must read

အကြမ်းဖက် စစ်ကောင်စီရဲ့ အယောင်ဆောင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အဆုံးထိ သွားရမဲ့ မြန်မာ့နွေဦး တော်လှန်ရေး

By လမ်းသစ်

အင်အားကြီးမားလှတဲ့ လူထုတော်လှန်ရေးကြောင့် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေပေမယ့် မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ဟာ အခုချိန်ထိ အမှန်တရားကို မမြင်သေးဘဲ အဆုံးစွန်ထိ မိုက်တွင်းနက်ဖို့ ကြံစည်နေပုံ ရပါတယ်။

ဒီရက်ပိုင်းမှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ တော်လှန်ရေး ဦးတည်ချက် ဝေဝါးအောင် နည်းမျိုးစုံသုံးနေတာကိုလည်း အားလုံး သိကြမှာပါ။

ဖက်ဆစ်ဟာ သူတို့ရဲ့ နောက်ဆုံးလက်နက်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏဆိုသလို ထုတ်သုံးပြီး ပြည်သူတွေရဲ့ စိတ်သဘောထားကို တီးခေါက်ကြည့်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က NUG ၊ PDF တို့ကို မထောက်ခံဘူးဆိုတဲ့ သတင်းစကားတွေ ထုတ်လွှင့်ခဲ့သလို လူထုခေါင်းဆောင်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ ကောလဟလမျိုးတွေလည်း ပြန့်နှံ့စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်နေ့ကလည်း အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးလိုက်သလိုလိုနဲ့ အရူးကွက်နင်းခဲ့ပါသေးတယ်။

တကယ်တမ်း ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဆိုတဲ့နေရာမှာ ‘လွတ်ငြိမ်းသက်သာခွင့်’ ဆိုတဲ့ ဆင်တူယိုးမှား အသုံးအနှုန်းနဲ့ ပြစ်ဒဏ်ရက်စေ့ဖို့ သိပ်မလိုတော့တဲ့ အမှုတွေကိုသာ ပယ်ဖျက်ပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၅နှစ်ချမှတ်ထားခဲ့ပြီး သမ္မတ ဦးဝင်းမြင့်ကို အမှု ၈ မှုနဲ့ ထောင် ၁၄နှစ် ချမှတ်ထားရာကနေ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှာ နှစ်ယောက်လုံးကို ထောင်ဒဏ် ၂နှစ်စီ လျှော့ပေးခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်လျှော့ပေးပြီး ဦးဝင်းမြင့်ကို ထောင် ၁၂ နှစ်ထဲကနေ ၄ နှစ် ထပ်လျှော့ပေးလိုက်တာပါ။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို သူတို့နဲ့ ပုလင်းတူဗူးဆို့ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း ပြောဆိုခဲ့ပေမယ့် မြန်မာပြည်သူတွေ အပါအဝင် အားလုံးကတော့ ဘာမှကျေးဇူးတင်စရာ မလိုဘူးလို့ မှတ်ယူထားကြပါတယ်။ နဂိုကတည်းက မဖမ်းသင့်တဲ့လူတွေကို ဖမ်းထားခဲ့တာ မဟုတ်ပါလား။

အခုလို လွတ်ငြိမ်းသက်သာခွင့်ပြုတာဟာ စစ်တပ်ရဲ့ ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ်အသီးသီးကနေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း NUG က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလာရင်တောင် နွေဦးတော်လှန်ရေးကြီးက စစ်အာဏာရှင်တွေကို အဆုံးထိ ဆက်တိုက်သွားမယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြတ်သားတဲ့လေသံတွေ ကြားလာရပါတယ်။

လူထုခေါင်းဆောင်ကို ထွက်ပေါက်အဖြစ် စစ်ကောင်စီက ထုတ်သုံးလာရင်တောင် စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ လမ်းကြောင်းက ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခိုင်အမာ ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျဉ်းထောင် အသီးသီးက အကျဉ်းသား ၇၇၄၉ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့တာပါ။

အရေအတွက် ၈ဝဝဝ နီးပါး လွှတ်ပေးတဲ့အထဲမှာ အများစုက ရာဇဝတ်မှုနဲ့ အကျဉ်းကျနေသူတွေသာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အယောက် ၁ဝဝ နီးပါးသာ ပါဝင်ကြောင်း အတည်ပြုနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) နဲ့ လွတ်ရက်စေ့ခါနီး လူတချို့ကိုသာ လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကောင်းမှုကုသိုလ်တွေ လုပ်ပြ၊ ဘုရားတည်ပြနေတဲ့ လူသတ်သမား မင်းအောင်လှိုင်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ဆိုပြီး ပြစ်ဒဏ်ချခံထားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ EROs က အဖွဲ့ဝင် ၂၂ယောက်ကိုလည်း လွှတ်ပေးခဲ့လို့ ဆိုပါတယ်။

ဒီ ၂၂ယောက်ထဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ၁၆ ယောက်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ၃ ယောက်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့် (MNDAA) က ၂ ယောက်နဲ့ ရခိုင့်တပ်တော် (AA) က ၁ ယောက် ပါဝင်ပါတယ်။ ဒါ့အပြင် EROs တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၇၂ယောက်ကိုလည်း စစ်ဆေးဆဲအမှုတွေ ပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ကြေညာခဲ့ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မရိုးသားဘူးလို့ ဆိုထားပါတယ်။ လက်ရှိအနေအထားမှာလည်း စစ်ကောင်စီတပ်တွေနဲ့ TNLA ဟာ ဇူလိုင်လ ၂၉ရက်ကစလို့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ဝန်းကျင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ကိုယ်သူတို့ မေတ္တာကရုဏာကြီးမားတဲ့ အစိုးရအဖြစ် ပုံရိပ်ကို လုပ်ယူဖို့ သူတို့ကိုယ်တိုင် မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားသူတွေကို အခါကြီး ရက်ကြီးတွေမှာ ပြန်လွှတ်ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေရဲ့ ဘယ်လုပ်ရပ်မဆို စေတနာအမှန် မပါတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့ရဲ့ခြေလှမ်းတိုင်းကို သတိထားဖို့ လိုအပ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုက နည်းမျိုးစုံနဲ့ သုံးလာမယ့် တော်လှန်ရေး သွေးခွဲတဲ့ လုပ်ရပ်တွေအောက်မှာ ပြည်သူတွေ စည်းလုံးမှု မပျက်ပြားဖို့၊ ဦးတည်ချက် မဝေဝါးဖို့ ဦးမင်းကိုနိုင်က သတိပေးထားပါတယ်။

“ကျနော်တို့ရဲ့ လက်သီးဆုပ်တွေကို မဖြည်ပါနဲ့။ မဖြည်ဘူး ကျနော်တို့ ပြည်သူတွေက စိတ်ဝမ်းမကွဲဘူး၊ သွေးမကွဲဘူး၊ အာရုံမလွှဲဘူး၊ အချိန်ဆွဲမခံဘူး။ အဲ့ဒီ လက်သီးဆုပ် ဖြည်ရင် သူတို့က တစ်ချောင်းချင်း ချိုးမှာ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ ဖမ်းဆီးခံရသူပေါင်း ၂၄ဝဝဝ ကျော်ရှိပြီး ၁၉ဝဝဝ ကျော်ဟာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး သေဒဏ်ချမှတ်ခံရသူ ၁၅၈ ယောက်အထိ ရှိနေပါတယ်။

ဒါ့အပြင် အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည်အနှံ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၄၄ ကြိမ် ကျူးလွန်ထားပြီး အပြစ်မဲ့ ပြည်သူ ၁၅၉၅ ယောက်အထိ သေဆုံးစေခဲ့တယ်လို့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်တွေဟာ အပြုသဘောဆောင်တဲ့ ဟန်ပြလုပ်ရပ်တွေ ဘယ်လိုပဲလုပ်လုပ် အထက်ဖော်ပြပါ ကိန်းဂဏန်းတွေက သူတို့ရဲ့ ရက်စက်ယုတ်မာမှု၊ လူမဆန်မှုတွေကို ပြသနေပါတယ်။

ဒီလုပ်ရပ်တွေအတွက် သူတို့ တာဝန်ခံဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ လက်သီးတွေကို ခရီးဆုံးတဲ့အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားနိုင်မှ စစ်မှန်တဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ကို ရရှိမှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article