လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက် ပိတ်ပင်ပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စု
ရန်ကုန်၊ ဩဂုတ် ၅
အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ရေးအတွက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးများအတွင်း အတိဒုက္ခရောက်နေတဲ့ အရပ်သားပြည်သူများ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေကို လိုရာ မရောက်ရှိစေရေးအတွက် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
စစ်အာဏာသိမ်းယူမှု စတင်ပြီးပြီး နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေကို ‘အကြောက်တရား လွှမ်းမိုးသော ဝန်းကျင်တစ်ရပ်’ ဖန်တီးတည်ဆောက်နေခဲ့ပြီး အကူအညီမဲ့ ပြည်သူတွေဆီ အထောက်အပံ့များ မရောက်ရှိနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကန့်သတ်ပိတ်ဆို့တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ OHCHR မြန်မာနိုင်ငံအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ James Rodehaver က ပြောကြားလိုက်ပါတယ်။
ရက်စက်ကြမ်းကြုတ်သောနည်းဗျူဟာများ
================
မြန်မာစစ်တပ်က ချမှတ်ဖော်ဆောင်တဲ့ နည်းဗျူဟာတွေထဲမှာ အရပ်သားပြည်သူ နေထိုင်ရာဒေသတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာတွေကို မီးတင်ရှို့ခြင်းနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးရသူတွေကို မိမိဌာနေသို့ ပြန်မလာနိုင်အောင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်း စတာတွေ ပါဝင်တယ်လို့ ၄င်းက ရှင်းလင်းပြောကြားပါတယ်။
အထူးသဖြင့်တော့ ဆိုးရွားကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို အသုံးပြုပြီး အရပ်သား ပြည်သူတွေရဲ့ စားနပ်ရိက္ခာ လမ်းကြောင်းနဲ့ သိုလှောင်ရာ နေရာတွေကို ဖြတ်တောင်ပိတ်ဆို့တာ ဖျက်ဆီးတာ တွေကို ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
“သူတို့ပုံမှန်လုပ်ဆောင်နေတဲ့ နောက်ထပ်လုပ်ရပ်တစ်ခုက စားနပ်ရိက္ခာ၊ ကောက်ပဲသီးနှံနဲ့ မျိုးစေ့ သိုမှီးသိမ်းဆည်းရာ စပါးကျီတွေ၊ ဂိုထောင်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဆေးရုံဆေးခန်းနဲ့ ဆေးဝါး ဆေးပစ္စည်းတွေကို ဖျက်ဆီးတာ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေပေါ့ဗျာ” ဟုလည်း James Rodehaver က ဆိုပါတယ်။
စစ်မက်ပြင်းထန်နေတဲ့ မြန်မာပြည် အလယ်ပိုင်းသာမက ပြီးခဲ့တဲ့ မေလအတွင်း ရခိုင်ပြည်နယ်မှာလည်း ဖျက်အားပြင်း မိုခါ မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခံရအပြီး စစ်ကောင်စီဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ မုန်တိုင်းသင့် ပြည်သူတွေဆီ မရောက်ရှိအောင် ယခုအချိန်အထိ နည်းမျိုးစုံနဲ့ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံ ဒါမှမဟုတ် ၁၇ ဒသမ ၆သန်းကျော်ဟာ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ OHCHR အဖွဲ့အစည်းက ထုတ်ပြန်ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှု တွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တားဆီးနေမှုဟာ နိုင်ငံတကာ ဥပဒေကို ကြီးကြီးမားမား ချိုးဖောက်ကျူးလွန်တဲ့ လုပ်ရပ်ဖြစ်တယ် လို့ OHCHR အဖွဲ့အစည်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ အကြောင်း ခြုံငုံရှင်းလင်း တင်ပြပွဲအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထောက်ပံ့ကူညီရေး လုပ်သားများကို ရန်သူများအဖြစ် သတ်မှတ် ဆက်ဆံခြင်း
================
စစ်ကောင်စီရဲ့ နောက်ထပ် လုပ်ဆောင်ချက် တစ်ခုကတော့ လတ်တလော နိုင်ငံအဝန်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင် နေသူတွေကို ရန်သူသဖွယ် သဘောထားပြီး ဖမ်းဆီးမှုတွေ ပြုလုပ်တာ၊ သွားလာရေး လမ်းကြောင်းတွေမှာ ပိတ်ဆို့ပြီး ခွင့်မပြုတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လျှက် ရှိနေခြင်းပဲ ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ပြည်သူတွေဆီ ရောက်ရှိအောင် ကူညီပေးနေသူတွေကို အကာအကွယ် ပေးရမယ့်အစား၊ တနည်းအားဖြင့် ဒီလိုဆင်းရဲဒုက္ခ ဖြစ်နေတဲ့ကာလမှာ အရပ်သား ပြည်သူတွေဆီ အထောက်အပံ့တွေ ရောက်ရှိအောင် ပံ့ပိုးဆောင်ရွက်ရမယ့်အစား၊ လက်ရှိမှာတော့ ဒီလိုကူညီကယ်ဆယ်ရေး သမားတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ညှင်းပန်းနှိပ်စက်ခြင်းတွေနဲ့ ရင်ဆိုင်နေရပြီး အချိန်မရွေး အသက်ဆုံးရှုံးနိုင်မှု တွေနဲ့တောင် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အဓိကတော့ စစ်ကောင်စီဟာ ဒီလိုအခြေအနေတွေကို ဖန်တီးပြီး အရပ်သားပြည်သူတွေဆီကို ကူညီထောက်ပံ့မှုတွေ မရောက်ရှိအောင် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒါဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ရက်စက်ယုတ်မာတဲ့ ‘ဖြတ်လေးဖြတ်’ မဟာဗျူဟာကို အာဏာသိမ်းစစ်အုပ်စုက ကျင့်သုံးနေခြင်းလည်း ဖြစ်ပါတယ်။
ထောင်ပေါင်းများစွာသော ပြည်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးစေမယ့် စားနပ်ရိက္ခာ၊ နေအိမ်၊ ဆေးရုံဆေးခန်းများ အပါအဝင် ရှင်သန်ရပ်တည်နိုင်ရေး အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းများနဲ့အခြေခံ အဆောက်အအုံများစွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်နေခြင်းပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဟာ ၁.၅ သန်း ခန့်ရှိပြီး မီးရှို့ ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် အဆောက်အဦးပေါင်း ၆ သောင်း ခန့်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အာဏာသိမ်းချိန်က စတင်ပြီး ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အနည်းဆုံး ၃,၄၅၂ ဦး နဲ့ အဓမ္မဖမ်းဆီး ချုပ်နှောင်ခံရသူ အနည်းဆုံး ၂၁,၈၀၇ ဦး ရှိလာခဲ့ပြီ ဖြစ်ကြောင်း စိတ်ချယုံကြည်ရသော ရင်းမြစ်များက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အတိုင်းထက်အလွန် ပိုမိုဆိုးရွားလာသော အခြေအနေ
==============
လက်ရှိအခြေအနေတွေဟာ စစ်အုပ်စုအနေနဲ့ မြန်မာပြည်သူတွေအပေါ် အတိုင်းထက်အလွန် ပိုမိုဆိုးရွားလာတဲ့ အခြေအနေကို ဖန်တီးနေခြင်းသာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှုမြင်ကြတာပါ။
OHCHR အဖွဲ့အစည်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က –
“ကျွန်မတို့ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းလိုက်ကတည်းကစပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီရေး လုပ်သားတွေရဲ့ အခြေအနေ အလွန်အမင်း ပိုမိုဆိုးရွားလာတာကို ထင်ထင်ရှားရှား မြင်နေရတယ်”
“ကူညီထောက်ပံ့မှု ပေးနေသူတွေအနေနဲ့ ဖမ်းဆီးခြင်း၊ နှောင့်ယှက်စော်ကားခြင်း၊ မတရားပြုကျင့် ဆက်ဆံခြင်း၊ နောက်ဆုံး အသက်ဆုံးရှုံးရခြင်းမျိုးကို အချိန်မရွေး ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်” လို့ ဆိုပါတယ်။
“လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ငြင်းဆန်ပယ်ချတာ၊ ဒါမှမဟုတ် ပိတ်ပင်တားဆီးတာဟာ ရည်ရွယ်ချက်ရှိရှိ အသက်သေဆုံးစေခြင်း၊ ညှင်းပန်းခြင်းနဲ့ နှိပ်စက်စော်ကားခြင်း၊ ဆာလောင်ငတ်မွတ်စေခြင်း၊ အစုလိုက် ဒဏ်ခတ်နှိပ်စက်ခြင်း ကဲ့သို့သော ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုတွေ (war crimes) ကျူးလွန်တာလို့ မှတ်ယူနိုင်တယ်” လို့လည်း သူမက သတိပေး ပြောကြားသွားခဲ့ပါတယ်။
“အရပ်သားပြည်သူအပေါ် စနစ်တကျ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တည်နေတဲ့ အခြေအနေမျိုးမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်ပယ်ချတာဟာ လူသတ်မှု၊ သုတ်သင်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ အခြားလူမဆန်တဲ့ လုပ်ရပ်တွေ သို့မဟုတ် လူမျိုးဘာသာ အခြေခံ ပစ်မှတ်ထား နှိပ်ကွပ်သတ်ဖြတ်မှု ကဲ့သို့သော ကျူးလွန်မှုတွေ ဟာလည်း လူသားမျိူးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity) များ ဖြစ်တယ်” လို့ မှတ်ယူနိုင်ကြောင်း သူမကဆက်လက် ပြောကြားခဲ့ပါတယ်။
လက်ရှိ စစ်အုပ်စုက နိုင်ငံအနှံ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ အများပြည်သူကို အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity) တွေဖြစ်တာကြောင့် မြန်မာအကြမ်းဖက် စစ်အုပ်စုကို ပြည်တွင်းသာမက နိုင်ငံတကာ တရားစီရင်မှုများမှတဆင့် အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းလည်း တင်ပြလိုက်ရပါတယ်။
Ref-UN News, Myanmar Military’s obstruction of humanitarian aid could be international crime
(ယခုသတင်းနှင့်ဆက်စပ် ခေတ်သစ်ဆောင်းပါး “ရခိုင်ပြည်မှာ ဒုတိယအကြိမ် ဂျီနိုဆိုက် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ” ကို ဖတ်ရှုလိုပါက ယခုသတင်း၏ အောက်ဖက်တွင်ရှိသည့် ပထမဆုံးသော ကွန့်မန့် (First Comment) တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။