အင်းတော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ သောင်ကြီးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IR ထံမှ သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် ဗန်းမောက်မြို့နယ်ဘက်မှ အင်း တော်မြို့နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ အကြမ်းဖက် စစ်သားများနှင့် ABSDF တပ်ဖွဲ့တို့ မြသီတာကျေးရွာနှင့် သောင်ကြီးကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်သားများသည် မော်တိတ်ကျေးရွာ၌ ညအိပ်ရပ်နားခဲ့ပြီး သေဆုံးသွားသော အကြမ်း ဖက်စစ်သား ၃ ဦးကို လမ်း၌ မြေမြုပ်သင်္ဂြိုလ်ခဲ့ကာ သေဆုံးသွားသော အရာရှိ ၂ ဦး၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများ ကို သယ်ဆောင်ကာ အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရှိ စစ်တပ်ကုန်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း ABSDF ဘက်မှ ရဲဘော် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းဝင် ရောက်လာမှုကြောင့် မံထုံကျေးရွာ ၊ သောင်ကြီးကျေးရွာနှင့် မင်းကုန်းကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်း PDF တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို လည်ငေါက်ရွာ နှင့် လက်တောင်းငယ်ရွာ အကြားတွင် ဒေါင်းမင်း PDF တပ်ဖွဲ့က ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်းမှ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။