ရေးမြို့အခြေစိုက် စကခ ၁၉ ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ၊ မြိုင်မြို့ပေါ်တွင် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ ရေးမြို့နယ် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အတွင်း၌ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားများ စုဝေးနေကြောင်း သတင်းအရ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦး ထိ ခိုက် ဒဏ်ရာရရှိသည်ကို မျက်မြင်သတင်းအရ ကနဦးသိရှိရကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ရန်သူဘက်က သေဆုံးမှုကို တော့စုံစမ်းနေဆဲပါ၊ ကနဦးသိရတာကတော့ ၅ ဦးဆေးရုံရောက်တယ်လို့ သိရပါတယ်၊ ကျနော် တို့က စကခ ၁၉ ထဲကို ပစ်လိုက်တဲ့အတွက် ရေးတံတားကြီးမှာ အင်အား တိုး ထားတဲ့ အဖွဲ့တွေပါ တပ် ထဲပြန်ဝင်သွားတယ်လို့ သိရပါတယ်၊ နောက်ထပ်သိရတာကတော့ စကခ ၁၉ ၊ ခလရ ၆၁ နဲ့ ရေးတံတားကြီးက သိပ်မဝေးဘူး၊ ၄ မိနစ်လောက်ဆိုရောက်တယ်၊ ရေးတံတားကြီးမှာ ဘယ်အဖွဲ့လာပစ်ပစ် စစ်ကူမထွက်တော့ဘူးဆိုပြီး ပြောနေတယ်လို့ ကြားသိရပါတယ် ”ဟု ဒေါန စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း ၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
ဒေါနစစ်ကြောင်းအနေဖြင့် ရေးအခြေစိုက်နယ်မြေများနှင့် ကော့ကရိတ်အခြေစိုက် နယ်မြေဒေသများ တွင် စစ်မျက်နှာ နှစ်ခုဖွင့်၍ စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းများ၊ တပ်သားများနှင့် နီးနီးကပ်ကပ်နေထိုင်သွားလာခြင်းမပြုကြရန် မေတ္တာ ရပ်ခံထားသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာနေရာကို Drone ဖြင့် 1 Kg အီနာဂါ ဗုံး ၁၂ လုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တပ်ရင်း ၂ ၊ မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ Drone တပ်ဖွဲ့ဖြစ်သော Myaing U.A.V Fighter အဖွဲ့၊ Earthquake Pku အဖွဲ့နှင့် ဗိုလ်မြွေဆိုးအဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။