နမ့်ခန်းမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက် စည်ပင်ရုံးအရှေ့ဘက်၊ စခန်းသစ်ကုန်းတွင် တပ်စွဲထားသော စစ်တပ်က ပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် Ta’ang Women’s Organization – TWO ထံမှ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် စစ်တပ်က ပစ်ခတ်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၃ နှစ်ကျော် အရွယ် ကလေးငယ်တစ်ဦးပါ ပါဝင်ကြောင်း၊ အမျိုးသား ၃ ဦးမှာ ခြေထောက် ၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာ အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရရှိထားသူများကို နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း Ta’ang Women’s Organization – TWO ထံမှ သိရှိရသည်။
အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် လိုက်လံ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“မနေ့ညကလည်း စစ်တပ်က လက်နက်ကြီးတွေ ဒုံးတွေနဲ့ နမ့်ခမ်းဘက်ကို ပစ်ခတ်ပါတယ်။ မြို့ပေါ် အိမ်စောင့်လောက်ကလွဲရင် မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာမှကို မယူနိုင်ဘူး။။ အိမ်တွေထိခိုက်ပျက်စီးမှု အရမ်းများပါတယ်” ဟု နမ့်ခမ်းမြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နမ့်ခမ်းမြို့မှ သေဆုံးသူ ပြည်သူတစ်ဦး။