အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်ရန် ရခိုင်ပြည်သူများကို AAက ဖိတ်ခေါ်
ရန်ကုန် | ဒီဇင်ဘာ ၆
အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် တိုက်ယူခဲ့သော စခန်းများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရခိုင်ပြည်သူများ စစ်မှုထမ်းရန် ရက္ခိုင့်တပ်တော် AA က ဖိတ်ခေါ်နေကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ပေါက်တောမြို့အခြေအနေနှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း တရွန်အိုင်ွန်အိုင်ဗျူဟာ စခန်းကုန်းကြီးအား သိမ်းပိုက်ရရှိမှုအခြေအနေများကို သတင်းထုတ်ပြန်ရာတွင် AA က ယင်းကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်က သိမ်းထားသော ရန်သူ့စခန်းကုန်းများနှင့် စစ်ကောင်စီတပ် စွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအား ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် “Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက် ရှိနေသည်ဟု AA က ထုတ်ပြန်ထားသည်။
ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်ထိန်းသိမ်းရန် AA တွင် အင်အားလိုအပ်နေခြင်းလည်းဖြစ်သည်။
ထိုကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် လိုအပ်သည်ဟု AA က ဆိုသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AA သည် ရသေ့တောင်က စစ်ကောင်စီ နယ်ခြားစောင့်စခန်း နှစ်ခု၊ ဘူးသီးတောင်က တစ်ခုနှင့် မောင်တောမြို့နယ်က တစ်ခု သိမ်းထားသည့်အပြင် ပလက်ဝမြို့နယ်က တရွန်အိုင်ဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်သည်။
ပလက်ဝမြို့နယ်က တရွန်အိုင်ဗျူဟာကုန်းနှင့်အတူ ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နှုံးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက်ကြိုးစားနေသည်ဟု ရက္ခိုင့်တပ်တော် AA က ပြောသည်။
ပေါက်တောမြို့တွင် စစ်ကောင်စီက လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသော ရခိုင်ပြည်သူများကို ကယ်ထုတ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရှင်းလင်းနေကြောင်း သိရသည်။
ပလက်ဝနှင့် ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့သည် နှစ်ဖက်တင်းမာကာ တိုက်ပွဲများ အရှိန်မြှင့် ပြင်းထန်နေဆဲဖြစ်သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုဏ္ဏားကျွန်းမြို့ မြို့မဈေးနှင့် ခမောင်းတောကျေးရွာ၊ ရဲရိုးပြင်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀၀ ထက်မနည်း မီးလောင်းဆုံးရှုံးခဲ့သည်။
ယင်းအပြင် ယမန်နေ့ကလည်း ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား မီးလောင်းဆုံးရှုံးခဲ့ရသည်။
ဆက်လက်ပြီး မြောက်ဦးမြို့တွင်လည်း ပြဿနာတစ်စုံတစ်ရာ တက်ခြင်းမရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ ၅၄၀ တပ်နှင့် ၃၇၇ တပ်တို့က မြို့ထဲသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ကားဖြင့်လှည့်လည် သေနတ်ပစ်ခတ်ခြင်းတို့ကို ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက် နေ့ခင်းပါ၊ ညပါ ပြုလုပ်နေသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မြောက်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
မောင်တောမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်း နခခ (၅) မှ လက်နက် ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာအပါအဝင် ကျေးရွာအများအပြားမှ ဒေသခံများမှာ ကြောက်လန့်ထွက်ပြေး တိမ်းရှောင်နေရသည်။
ရခိုင်ပြည်အတွင်းရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြရန်နှင့် အညံ့မခံသော တပ်ရင်း၊ တပ်ဖွဲ့များကို AA မှ ထိုးစစ်ဆင်တိုက်သွားမည်ဖြစ်ပြီး ရခိုင်ပြည်သူများအား ထိခိုက်နာကျင်အောင်ပြုလုပ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လက်တုန့်ပြန်သွားမည်ဟု AA က သတိပေး ပြောဆိုထားသည်။
