မြောက်ဦးမြို့ရှိ ရခိုင်ပြည်သူများ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို စစ်ကောင်စီက ဖျက်ဆီးမှု နိုင်ငံတကာတရားရုံးတွင် အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ
■ စစ်တပ်က ပစ်ခတ်သဖြင့် ဆေးရုံ၊ ပြတိုက် အပါအဝင် ပြည်သူပိုင်အဆောက်အုံများ ထိမှန်ပျက်စီး
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆
စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရခိုင်ရှေး ဟောင်းအမွေအနှစ်ယဉ်ကျေးမှု အမွေအနှစ်များစွာ ထားရှိရာ မြောက်ဦးယဉ်ကျေးမှုပြတိုက် ပျက်စီးသွားခဲ့ရပါတယ်။
မြောက်ဦးမြို့ က ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံးမှာ အရေးယူဖို့ဆောင်ရွက်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ထုတ်ပြန် လိုက်ပါတယ်။
မြောက်ဦး ယဉ်ကျေးမှုဇုန် ဟာ UNESCO World Heritage Convention အရ အသိအမှတ်ပြု ထိန်းသိမ်းရေးနယ်မြေအဖြစ် အဆို ပြုတင်ပြထားသည့်နေရာ ဖြစ်ပြီး တိုင်းရင်းသား ညီအကို မောင်နှမတွေဖြစ်တဲ့ ရခိုင်ပြည်သူတို့ရဲ့ သမိုင်း အစဉ်အလာ၊ ကြီးကျယ်မြင့်မြတ်မှု၊ မြို့ပြတည်ဆောက်သည့်နည်းပညာ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုစသည့်တို့ တည်ရှိရာ အရပ်ဒေသဖြစ် ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်တဲ့ တိုင်းရင်းသားတို့၏ အမွေအနှစ်များကို စစ်ရေးပစ်မှတ်ထားပြီး ဖျက်ဆီးတဲ့ကိစ္စရပ်တွေဟာ ရှေးခေတ်စစ်မိစ္ဆာများ တိုင်းတပါးကို ကျူးကျော် သိမ်းပိုက်သည့်အခါတိုင်း ဦးစွာဆောင်ရွက်လေ့ရှိတဲ့ Archives ဖျက်ဆီးခြင်း လမ်းစဉ်ကို ပြလုပ်ပြီး ထိုလူမျိုးတို့ရဲ့ အရင်းအမြစ်ဖျောက်ဖျက်ခြင်းဖြစ်တာကြောင့် လွန်စွာလူသားမဆန်သည့်လုပ်ရပ်ဖြစ်တယ်လို့ NUG ကဆိုပါတယ်။
မြောက်ဦး ယဉ်ကျေးမှုဇုန် ကိုတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဂျီနီဗာ ကွန်ဗန်းရှင်းပါ စစ်ရေးပစ်မှတ်မဟုတ်သည်ကို ချိုးဖောက်ကျုးလွန် တိုက်ခိုက်ခြင်း နဲ့ The Hauge Convention ပါအချက်အလက်ဖြစ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာကို တိုက်ခိုက်ခြင်း စတဲ့ စစ်ရာဇဝတ်မှုကျူးလွန်လိုက်ခြင်း ဖြစ်တယ်လို့ NUG က ကြေညာပါတယ်။
မြန်မာနိုင်ငံဟာ “The Geneva Convention” နဲ့ “The Hauge Convention” ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ယခုလုပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး နဲ့ ပြည်တွင်းတရားရုံးတွေမှာ အရေးယူဖို့ဆောင်ရွက်မယ်လို့ NUG က ကြေညခဲ့တာဖြစ်ပါတယ်။
ရခိုင် သမိုင်းဝင်အမွေအနှစ်တွေ နဲ့ ရိုးရာယဉ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ထိထိ ရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAကကြေညာထားပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ ၅၄၀ တပ် နဲ့ ၃၇၇ တပ်တို့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေ နဲ့ ရှေးဟောင်းအမွေအနှစ်များ ထားရှိရာ ယဉ်ကျေးမှုပြတိုက်ပျက်စီးခဲ့တယ်လို့ သိရပါဝာယ်။
ဒါ့အပြင် မြောက်ဦးမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ စစ်ကောင်စီတပ်က လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့တွင်းရှိ အဆောက်အဦတချို့ပျက်စီးမှုရှိခဲ့ပါသေးတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်လို့ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်၊ မြောက်ဦးပြည်သူ့ဆေးရုံနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိကလုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးလှူရှင်များအသင်းရုံးတို့လည်းပျက်စီးခဲ့ပါတယ်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းတွေက မြို့တွင်းသို့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ယဥ်ကျေးမှုပြတိုက်နဲ့ လူနေအိမ်အများအပြား ပျက်စီးမှုရှိခဲ့တဲ့အပြင် ဒေသခံ ၄ ဦးလည်း သေဆုံးခဲ့ရပါတယ်။


