ရန်ကုန်၊ ဇန်နဝါရီ ၂၇
အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို အဆက် မပြတ် လေကြောင်းမှတစ်ဆင့် ဗုံးကျဲမှုများ လုပ် ဆောင်နေသဖြင့် ကောင်းမူး ဗွာ ဘုန်းတော်ကြီးကျောင်းပါ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရ ကြောင်း ဒေသ ပြည်သူများနှင့် PNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက ဆီဆိုင်မြို့နယ်အပါအဝင် PNLO နှင့်ဆက်စပ်သော မြို့နယ်များကို ဗုံးကျဲတိုက်ခိုက်မှုများ ဆောင်ရွက် နေရာ ယနေ့အချိန်အထိ ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် ပအိုဝ်းတိုင်းရင်းသား အလေးထား တန်ဖိုးထားရာ ဘုန်းတော်ကြီး ကျောင်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်လာကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။
“ကောင်းမူးဗွာ ဘုန်းကြီးကျောင်းပါ ပျက်စီးကုန်တယ်။ လေယာဉ်နဲ့ ဗုံးကျဲချတာ။ ပအိုဝ်းတွေက ဘာသာရေးအရမ်း တန်ဖိုးထား အလေးထားပါတယ်။ ဒီလို ဘုန်းကြီး ကျောင်းကို ဗုံးကျဲတာကတော့ လက်ခံနိုင်စရာမရှိပါဘူး” ဟု PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဆီဆိုင်မြို့နယ်မှ စစ်မီးသည် ဟိုပုံးမြို့နယ်ဘက်သို့လည်း အချိန်မရွေး ကူးစက်နိုင်သဖြင့် ဟိုပုံးဒေသပြည်သူတချို့ စတင် စစ်ဘေးရှောင်နေကြ ကြောင်း သိရှိရသည်။
“ဟိုပုံးနောင်တောင်းပရဟိတကျောင်းက ဆရာတော်တွေလည်း အကုန်ရှောင် ကုန် ပြီ။ ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော်လည်း အကုန် ကိုယ့်အိမ်ကို ပြန်ခိုင်းလိုက်ပြီ။ ဟိုပုံးဘက်မှာ ပြည်သူတချို့လည်း ရှောင်နေကြပြီ” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNLO #PNLA







