33 C
Yangon

ရခိုင်ဒေသရှိ စစ်တပ်စခန်းများအားလုံးကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရတော့မည့် လက်တစ်ကမ်းအနေအထားရောက်ရှိနေပြီဟုဆို

Must read

ရခိုင်ဒေသရှိ စစ်တပ်စခန်းများအားလုံးကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရတော့မည့် လက်တစ်ကမ်းအနေအထားရောက်ရှိနေပြီဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ဒေသရှိ စစ်တပ်စခန်းများအားလုံးကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရတော့မည့် လက်တစ်ကမ်းအနေအထားရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်းတွင် စစ်ကောင်စီက စခန်းတစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရသည့်အပြင် အခြားသောစခန်းများမှာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိလျက်ရှိကြောင်း၊ စစ်ကောင်စီ၏ စစ်ရေးအရနှင့် မဟာဗျူဟာအရ အရေးပါသည့် စခန်းကြီး၊ စခန်းငယ်များမှာလည်း မနှေးမကြာ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း၊ ထို့ပြင် လက်နက်ချအညံ့မခံသောစခန်းတိုင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီက ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများကို ရက္ခိုင်ပြည်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့ကြောင်း၊ စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ထို့ကြောင့် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်၊ ည ၉ နာရီ ၂၅ မိနစ်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၂ နာရီ ၅၃ မိနစ်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးတွင်ရှိသည့် အခြားသောတံတားတစ်စင်းဖြစ်သော “ကျောက်ကြီးပေါက်တံတား” ကိုလည်းကောင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ “မအီတံတား” အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဤတံတားများမှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထားသွားလာနေရသည့် တံတားများ ဖြစ်ကြောင်း သိရှိရသည်။

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများအနေဖြင့် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ရမ်းဗြဲမြို့ကို နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ကလိန်တောင်မြစ်ထဲရှိ စစ်သင်္ဘောကလည်း ရမ်းဗြဲ မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် ၉ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အမှတ် ၄ ကင်းတဲရပ်ကွက်ရှိ လူနေအိမ် ၆၀ ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ်အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ည ၈ နာရီ ၅၀ မိနစ်အချိန် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်း‌ကျေးရွာ အရှေ့ဘက် မီတာ ၁၄၀၀ ကျော်အကွာအဝေးရှိ တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ “ခမရ ၅၄၃ တပ်ရင်း” က လက်နက်ကြီး ၂ လုံးဖြင့် မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည့် ကမ်းထောင်းကြီးမြို့၊ င/နှောင်းပြင်ရပ်ကွက်မှ ဒေသခံအမျိုးသား ၁ ဦးနှင့် ရွာသာယာရပ်ကွက်မှ ‌အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်းများမှ လက်နက်များကို AA က သိမ်းဆည်းရရှိထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article