28 C
Yangon

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် ကော့သောင်းနှင့် ဘားအံမှ မြန်မာ ၂၀ ဦးအဖမ်းခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ထိုင်းနိုင်ငံ၊ ချွန်​ဖော်ခရိုင်နဲ့ တာခ့်ခရိုင်မှာ နှစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ကော့သောင်းနဲ့ ဘားအံမှ မြန်မာနိုင်ငံသား ၂၀ ဦးဖမ်းဆီးရရှိတယ်လို့ ထိုင်းသတင်းဌာနနဲ့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ ချွန်ဖော်ခရိုင်၊ ဖတိုမြို့နယ်ကလမ်းပေါ်မှာ ကင်းလှည့်နေတဲ့ထိုင်းအာဏာပိုင်တွေက ပစ်ကပ်ကားတစ်စီးကို စစ်ဆေးချိန် ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ကလေးငယ်နှစ်ယောက်၊ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသား နှစ်ယောက်နဲ့အတူ ယာဥ်မောင်းထိုင်းနိုင်ငံသားကိုလည်း ထိုင်းစစ်တပ်ရဲ့အမှတ် -၂၅ ခြေလျင်တပ်ရင်းက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဆီမှာ ကော့သောင်းနယ်စပ်ကတဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာရွက် (Border Pass) အထောက်အထားတွေကိုသာ တွေ့ရတယ်လို့ ထိုင်းစစ်တပ်ရဲ့အမှတ် -၂၅ ခြေလျင်တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေပိုင်းကလည်း တာခ်ခရိုင်၊ ထာ့စောင်ယန်မြို့မှာ စစ်ဆေးရေးဂိတ်ကိုပတ်ရှောင်ပြီး ကျေးရွာလမ်းအတိုင်းမောင်းနှင်လာတဲ့ ကားတစ်စီးကိုတွေ့ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေ အနောက်ကလိုက်လံစစ်ဆေးရာမှာ မြန်မာအလုပ်သမား ၁၃ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပွဲစားခအဖြစ် တစ်ယောက်ကို ထိုင်းဘတ်ငွေ တစ်သောင်းခွဲစီနဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ ထိုင်းနိုင်ငံထဲဝင်ရောက်လာကြတာဖြစ်တယ်လို့ မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနက သတင်းဖော်ပြပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုကြောင်းကြေညာပြီးနောက်မှာ မြန်မာနိုင်ငံနေရာအနှံ့မှ လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားဝင်လမ်းကရော တရားမဝင်လမ်းကပါ အရေအတွက်အများဆုံးဝင်ရောက်နေတာပါ။

အခုရက်ပိုင်း ထိုင်းနိုင်ငံကိုတရားမဝင်လမ်းကလာတဲ့ ထားဝယ်မြို့ခံလူငယ်တစ်ဦးကတော့ လမ်းတလျှောက်မှာ နယ်စပ်ကိုတရားမဝင်နယ်စပ်ဖြတ်ကျော်နေသူ အများအပြားကိုတွေ့ရတယ်လို့ဆိုပါတယ်။

“ကျနော်တို့ကားပေါ်မှာဆို ဆယ်နှစ်ဝန်းကျင်ကလေးတွေကအစ တယောက်တည်းလိုက်လာတာဗျ။ မိသားစုလိုက်တွေလည်းအများကြီးတွေ့ရတယ်။ ရှိတာအကုန်ရောင်းချပြီး အပြီးထွက်လာတာမျိုးပါ” လို့ ထားဝယ်မြို့ခံလူငယ်ကပြောပါတယ်။

စစ်မှုထမ်းဥပဒေကြေညာပြီးနောက် အခုလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိသုံးရက်အတွင်းမှာလည်း ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ တာခ့်ခရိုင်နဲ့ ကန်ချနဘူရီခရိုင်တွေမှာ မြန်မာအယောက် ၅၀ ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေထဲမှာ လူငယ်တွေ အများအပြားပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းကလည်း ဆုန်ခလာပြည်နယ်မှာ မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို ခြံစည်းရိုးဖြတ်ပြီး ခြေလျင်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ခြောက်ယောက်နဲ့ မြန်မာနိုင်ငံသားလေးယောက်ကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါသေးတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခံရသူတွေအားလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွေဆီပို့ဆောင်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ဥပဒေနဲ့ အရေးယူမယ်လို့ ထိုင်းမီဒီယာတွေကတဆင့် ပြောဆိုထားပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ထိုင်းလဝကဥပဒေနဲ့အရေးယူခံရပြီးရင်တော့ နယ် စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံထဲကို ပြန်လည်ပို့​ဆောင်ခံရမှာဖြစ်ပါတယ်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article