ကရင်နီပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းများ၊ ပြည်သူများနှင့်အတူပူးပေါင်းကာ စစ်တပ်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု KNSO အဖွဲ့က ကြေညာ
ရန်ကုန်၊ ဧပြီ ၁၀
ကရင်နီပြည် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု အကြမ်းဖက်စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ( KNSO) က ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကြေညာလိုက်သည်။
အကြမ်းဖက် စစ်တပ်သည် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၊ ဌာနချုပ်ရုံးအခြေပြုရာ ခဲမဖြူ ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ မော်ချီးရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ ရှော့တိုက်ဒုံးများပစ်ခတ်ခြင်း တို့သည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းလည်း KNSO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစကာ အာဏာကို သိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲ ပြဿနာများအပေါ် အကြမ်းဖက်စစ်တပ်က နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံးတိုက်ခိုက်လာမှုတို့ကြောင့် ကရင်နီပြည်တွင်းရှိ ပြည်သူများသာမကဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်လူရွယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောကြောင့် အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များအပေါ် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး ( KNSO )အဖွဲ့သည် ကရင်နီပြည်၊ မော်ချီးဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့် ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။