30 C
Yangon

မောင်တောမှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများကို မြို့ကထွက်ခွာခွင့် စစ်ကောင်စီနှင့် ARSA က တားမြစ်ပိတ်ပင်နေ

Must read

ရန်ကုန်| ဇွန် ၁၉

ရခိုင်ပြည် မောင်တောမြို့မှာ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ထောင်ချီပိတ်မိနေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ARSA တပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်နေကြောင်း သိရသည်။

မောင်တောမြို့ကို ဝင်သိမ်းမည်ဖြစ်၍ မြို့ထဲရှိပြည်သူများအနေဖြင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အမြန်ဆုံးမြို့က ချက်ချင်း ထွက်ခွာကြရန် AA က အသိပေးပြီးနောက် မောင်တောမြို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

AA အသိပေးချက်ကို လိုက်နာသည့်အနေဖြင့် ပြည်သူအများစု မြို့မှ တိမ်း ရှောင်နိုင်ခဲ့သော်လည်း စစ်ကောင်စီနှင့် ARSA တားဆီးပိတ်ပင်မှုကြောင့်ရိုဟင်ဂျာအများစုပါသော ပြည်သူထောင်ချီ မြို့ထဲ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မောင်တောအခြေအနေ သိသူတစ်ဦးက ” AA အသိပေးနေ့ကနေ မြို့ထဲမှာရှိနေတဲ့ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော၊ ဟိန္ဒူတွေရော အကုန်လုံးထွက်ခွာကြတာ။ ဒါပေမယ့် မနေ့ကအထိ ထွက်ခွင့်မရတဲ့ မွတ်ဆလင်အများစုပါဝင်တဲ့ ပြည်သူ နှစ်ထောင်လောက်ဟာ မြို့ထဲမှာ အခုထိ ပိတ်မိနေကြတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ARSA တွေက မြို့ကထွက်ခွာခွင့်မပေးဘူးလို့ သိရတယ်။ မြို့ထဲမှာ ဆက်လက်ပိတ်လှောင်ထားတယ်ဆိုတဲ့ သဘောပေါ့။ ” ဟု ပြောသည်။

မောင်တောမြို့ထဲက ထွက်ခွာခွင့် ရလိုက်သည့် ရိုဟင်ဂျာမိသားစုဝင်များက မြို့ထဲကကျန်ရှိနေခဲ့သည့် မိသားစုဝင်များအတွက် အလွန်စိတ်မကောင်းဖြစ်နေကြသည်ဟု AA ထိန်းချုပ်နယ်မြေရောက်ရှိသွားသော ရိုဟင်ဂျာတစ်ဦးနှင့် နီးစပ်သည့် စစ်တွေမှရိုဟင်ဂျာတစ်ဦးက ပြောသည်။

” ကျနော့် အကိုတွေ၊ အဖေအမေတွေရဲ့ ဆွေမျိုးတွေရဲ့ တစ်ဝက်က လွတ် မြောက်နယ်မြေဆီ ရောက်သွားကြပြီ။ ဒါပေမယ့် မောင်တောမြို့ထဲမှာ ကျနော်ရဲ့ ဦးလေးမိသားစု ကျန်နေခဲ့သေးတယ်လို့ သိရတယ်။ တခြားလည်း ကျနော်တို့ လူမျိုးတွေ အများကြီးကျန်နေပါသေးတယ်။ စစ်ကောင်စီ ဂိတ်တွေက ထွက်ခွင့်မပေးသလို ခိုးဝှက်ပြီးထွက်ကြတဲ့ သူတချို့လည်း မြို့အပြင်မှာ လုံခြုံရေးယူနေတဲ့ ARSA အဖွဲ့က ပစ်ဖမ်းနေတယ်။ မိသွားရင် မြို့ထဲကို ပြန်ပို့တယ်။ ဓားစာခံအဖြစ် ထားချင်တဲ့သဘောမျိုး ဖြစ်နေတယ်။ ” ဟု ပြောသည်။

မောင်တောမြို့တွင် ရိုဟင်ဂျာများ ပိတ်ဆို့ခံထားရပြီး မြို့က ထွက်ခွာရွှေ့ပြောင်းရန် AA က ထုတ်ပြန်ထားသော်လည်း ထွက်သွားစရာနေရာမရှိခြင်းနှင့် ဘူးသီးတောင်ကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်သွားမည်ကို စိုးရိမ်ရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

မောင်တောမြို့က ပြည်သူများ မြို့ကထွက်ခွာရမည့်လမ်းကြောင်းနှင့် မည်သည့်နေရာသို့ သွားရောက်ခိုလှုံကြရန်ဆိုသည့် လမ်းညွှန်ချက်များ AA ထုတ်ပြန်ချက်မှာ မတွေ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုထားသည်။

မောင်တောက ပြည်သူများ မြို့ထွက်ခွာရေးနှင့်ပတ်သက်၍ AA ထုတ်ပြန်ချက်ထဲတွင် အဓိက အချက်နှစ်ချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။

ပထမအချက်မှာ မောင်တောမြို့ကို ဝင်သိမ်းတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲထားနေရာ၊ တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်နေရာများတွင် မထိုင်ကြရန် သတိပေးတိုက်တွန်းထားခြင်းဖြစ်သည်။

အကြောင်းမှာ စစ်ကောင်စီသည် မောင်တောမြို့ထဲတွင် မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ထားပြီး လူနေအိမ်များ၊ တိုက်တာအဆောက်အအုံများတွင် စနိုက်ပါသမားအပါအဝင် တပ်ဖွဲ့ဝင်များဖြင့် ခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။

ဒုတိယတစ်ချက်မှာ မြို့တွင်းတိုက်ပွဲက ပြင်းထန်လာနိုင်သောကြောင့် မောင်တောပြည်သူများအနေဖြင့် မြို့ကချက်ချင်းထွက်ခွာရန် လိုအပ်ပြီး သို့မဟုတ်ပါက အသက်အန္တရာယ်ကျနိုင်ကြောင်းကို AA က ပြောဆိုထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA သည် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်အတွင်းက မြို့နယ်များမှ ပြည်သူလူထုများကို ဘေးကင်းရာနေရာများနှင့် လွတ်မြေက်နယ်မြေများသို့ သွားရောက်ခိုလှုံကြရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။

ဓာတ်ပုံ – ရခိုင်မှ ရိုဟင်ဂျာဒုက္ခသည်များကို ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article