26 C
Yangon

ဒိုက်ဦးအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများကို ကျူးလွန်ခဲ့သည့် ဥပဒေမဲ့ လုပ်ရပ်များ အမြန်ဆုံး ရပ်ဆိုင်းရန် နိုင်/ကျဉ်းများ အရေး ဆောင်ရွက်နေသည့် အဖွဲ့ ၈ ဖွဲ့ ပူးတွဲ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၅

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများကို ကျူးလွန်ခဲ့သည့် ဥပဒေမဲ့ လုပ်ရပ်များ အမြန်ဆုံး ရပ်ဆိုင်းရန် နိုင်/ကျဉ်းများ အရေး ဆောင်ရွက်နေသည့် အဖွဲ့ ၈ ဖွဲ့က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) မှ တာဝန်ရှိသူ မဇူးဇူးမေယွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို မတရားသဖြင့် ရိုက်နှက် တိုက်ပိတ်ခြင်းများ လုပ်ဆောင်ကာ ဆေးကုသခွင့် မရရှိသည့် နိုင်ငံရေးအကျဉ်းသူများကို မိသားစုဝင်များ ပို့ဆောင်သည့် ထောင်ဝင်စာ ပါဆယ်များလက်ခံရန်၊ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်၊ တိုက်ပိတ်ခံ နိုင်ငံရေးအကျဉ်းသူများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လုပ်ကြံ၍ မတရားစွဲဆိုထားသည့် မူးယစ်ဆေးမှုအပါအဝင် ထပ်တိုးစွဲဆိုထားသည့် အမှုများအားလုံး ချက်ချင်းပိတ်သိမ်းရန်၊ အကြောင်းပြချက်မခိုင်ဘဲ သိမ်းဆည်းထားသည့် နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် စသည့် အချက်များကို နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများ အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့ ၈ ဖွဲ့က ပူးတွဲ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဇွန်လ ၁၂ ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးကို တန်းပိတ်ချိန်၌ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ကြားတွင် ဖိအားပေး သံပြားကာခိုင်းရာ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရာမှ နိုင်ငံရေးအကျဉ်းသူ၊ သားများ အပါအဝင် အကျဉ်းသား စုစု‌ပေါင်း ၁၆၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ အင်အားသုံးထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးများပါလာသည်ဟု နိုင်ငံရေးအကျဉ်းသူများကို လုပ်ကြံစွပ်စွဲကာ မူးယစ်အမှုများဖြင့် ထပ်တိုးတရားစွဲဆိုရန် အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်နှင့်အဝတ်အစားများထဲမှ အချို့ကိုသာ ပေးပြီး အနိုင်ကျင့် သိမ်းဆည်းသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်နေ့ ထောင်တန်းပိတ်ချိန်တွင် အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် နိုင်ငံရေးအကျဉ်းသူများမှ တောင်းဆိုခဲ့ကြသောကြောင့် အကျဉ်းထောင် ဝန်ထမ်းများမှ မကြားဝံ့မနာသာသော စော်ကားသည့် စကားလုံးများဖြင့် အော်ဟစ်ဆဲဆိုကာ အမျိုးသမီးဆောင်ကို သေနတ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ လေးဂွနှင့် အုတ်ခဲများကိုင်ဆောင်ကာ အင်အားသုံး ဝိုင်းပစ်ခြင်းတို့ဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ကျူးလွန်ခဲ့ကြောင်း ၊ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူ ၅ ဦးနှင့်အထက် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၅ရက်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်သည် ယခုအချိန်ထိ ထိရောက်သည့် ဆေးဝါးကုသခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုံးဝ မရရှိဘဲ တိုက်ပိတ်ခြင်းခံထားရကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“ဒိုက်ဦးအကျဉ်းထောင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်းဆိုချက်တွေကို ထုတ်ပြန်ထားတယ်။ အဲဒီအပေါ်မှာ အလေးမထားဘူးဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာတွေနဲ့ အဓိကက သူတို့ဘက်က ဥပဒေကို မျက်ကွယ်ပြုနေပါစေ ကျွန်မတို့ဘက်က နိုင်ငံတကာအဖွဲ့အစည်းတွေပြင် ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေ ပူပေါင်းပြီးတော့ အကျဉ်းဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေကို ထပ်ပြီးတော့ ထုတ်ပြန်သွားမယ်။ အဆုံးထိလုပ်ဆောင်သွားဖို့ရှိပါတယ်။ ရိုက်နှက်ခံရတဲ့ အကျဉ်းသူတွေကို မူးယစ်ဆေးတွေ့တယ်၊ ဖုန်းတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပဲခူးရုံးကို ထုတ်နေတယ်လို့ သိရတယ်။ ဒါ အမှုပိတ်သိမ်းပေးရန်လည်း ပါထားပြီးဖြစ်တဲ့အတွက် ဒီကျိုက်မရောထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တခြားပုဒ်မတွေနဲ့ အမှုပိတ်သိမ်းပေးရန် လိုအပ်တယ်။ သူတို့အနေနဲ့ ပိတ်ကို ပိတ်သိမ်းပေးရမယ်” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) မှ တာဝန်ရှိသူ မဇူးဇူးမေယွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ဒိုက်ဦးအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူများအပေါ် ထောင်ဝန်ထမ်းအမျိုးသားများက ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ဖိနှိပ်နေမှုများသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံးချိုးဖောက်နေမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး လူသားတစ်ဦး၏ အခြေခံ အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့်(Right to Life)ပင် အာမခံချက်မရှိတော့သည့်အပြင် ညှဉ်းပန်းမှုမှ ကင်းလွတ်ခွင့် (Freedom from Torture) လည်း လုံးဝ ဆုံးရှုံးလျက်ရှိကြောင်း သိရှိရသည်။

ဒိုက်ဦးအကျဉ်းထောင်သည် ၂၀၂၃ ခုနှစ် ဇွန်လတွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်အထိ ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းထောင်ဝန်ထမ်းအမျိုးသားများက ဥပဒေ ရိုက်နှက်ခြင်းများကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေနှင့် လက်တွေ့ကျသည့် အရေးယူမှုများ လုပ်ဆောင်ပေးရန် တောင်းဆိုလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

“လက်ရှိ မတရားဖမ်းဆီးအကျဥ်းချခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူတွေဟာ လူ့အခွင့်အရေးရော အကျဉ်းသားအခွင့်အရေးပါ ဆိုးရွားစွာ ချိုးဖောက်ခံနေရပါတယ်။လက်ရှိ ဒိုက်ဦးအကျဉ်းထောင်မှာ ဥပဒေမဲ့ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူတွေကိုလည်း ကောင်းမွန်ထိ‌ရောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုပေးခြင်း မရှိဘဲ လက်ရှိအချိန်ထိ တိုက်ပိတ်ခံထားကြရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသူများအပေါ် ကျူးလွန်ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များနှင့်စပ်လျဥ်း၍ ပူးတွဲကြေညာချက်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)၊ ထောင်ဝင်စာပို့ကြမယ်၊ နွေဦးတမန်နိုင်ကျဉ်းကူညီထောက်ပံ့ရေးအဖွဲ့ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)၊ Eat My Heart အဖွဲ့တို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article