ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ကိုဝေလင်းအောင်ကို ရွှေဘိုထောင်တွင်း စစတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း ကိုဝေလင်းအောင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွှေဘိုထောင် အချုပ်တွင် ဖမ်းဆီးခံထားရသော ကိုဝေလင်းအောင်ကို ရွှေဘို ထောင်တွင်း တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဝေလင်းအောင်သည် ၎င်းဇာတိဖြစ်သော ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို မေလ ၁၀ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ လာရောက် လည်ပတ်စဉ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖုန်းထဲ၌ နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံများ တွေ့သည်ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်မှ ကိုဝေးလင်းအောင်ကို ဖမ်းဆီးပြီးနောက် ရွှေဘိုမြို့မ ရဲစခန်းကို ပို့ဆောင်ကာ ၇ ရက်ခန့် အကြာတွင် ရွှေဘိုထောင် အချုပ်ကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရသလောက်တော့ ကိုဝေလင်းအောင်က နိုင်ငံရေး တော်လှန် ရေး မလုပ်ပါဘူး။ သူက မြစ်ကြီးနားမှာ ယက်ကန်း လုပ်ငန်း ကိုင်ရင်း မြစ်ကြီးနားမှာ နေတာကြာပြီ ရွာကို ခဏအလည် ပြန်လာတာ။ ရွာက အပြန် ရွှေဘိုမြစ် ကြီးနားလမ်း ရွှေဘိုအထွက် ကိုးပင်ဂိတ်မှာမေ ၁၀ ရက်နေ့က အဖမ်းခံရတာ အခုလ ၁၃ နေ့ကအမိန့်ချတာ”ဟု ၎င်း၏မိတ်ဆွေက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar