ရန်ကုန်၊ ဇူလိုင် ၁၇
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄၈၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်း စျေးပေါက်နေကာ ဝယ်ယူလိုသူများပြားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်နှင့် အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် သိန်း ၆၀ ကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင်မူ တအိအိ စျေးနှုန်းများ အနည်းငယ် ပြန်လည် ကျဆင်းလာကြောင်း၊ သို့ရာတွင် ပြည်တွင်းစျေးကွက်တွင် ရွှေနှင့်ဒေါ်လာ ဝယ်လိုအား အထူးများပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“အရင်အပတ်က ဘဏ်ဂယက် နဲ့ ငွေတွေထုတ်မရတော့ စျေးတွေထိုးတက်ခဲ့တာက ရွှေစျေးက သိန်း ၆၀ ကျော်သွားခဲ့တယ်။ အခုတော့ အခေါက်ရွှေက ၅၈ သိန်း ၇ သောင်းနဲ့ ၅၉ သိန်းအကြား အတက်အကျ အနည်းငယ်ရှိတယ်။ တကယ်တေ့တေ့ဆိုင် ဝယ်မယ်ဆိုရင်တော့ ၅၉ သိန်းစျေးပေါက်နေတယ်။ ရွှေဝယ်သူများတယ်။ ဘဏ်က ငွေထုတ်ပြီး ရွှေလာဝယ်ကြတာပဲ။ အဝယ်က ဒီတစ်ပတ်ထဲမှာ အရင်ထက်ကို အဆပေါင်းများစွာ ထိုးတက်တာ။ ဝယ်လိုအားက ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာမှာလည်း စျေးနှုန်းအနည်းငယ် ပြန်လည် ကျဆင်းခဲ့သော် လည်း အဝယ်များပြားနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ဒေါ်လာကို ပမာဏ များများဖြင့်ဝယ်ယူလိုသူများပြားကြောင်း သိရှိရသည်။
“ဘဏ်က ငွေထုတ်တဲ့သူတွေက ဒေါ်လာလိုက်ဝယ်ကြတယ်။ အရွက်သီးသန့်ကို ဝယ်တာမျိုးတွေက များလာတယ်။ ဒေါ်လာစျေးကတော့ ကျလည်း နည်းနည်းပဲ ကျတယ်။ တက်ရင် ဆောင့်ပြီးတက်နေတာဆိုတော့ ဝယ်သူများနေတာ” ဟု ဗိုလ် တထောင်မြို့နယ်မှ ဒေါ်လာလက်ကြီးသမားတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကမူ ဘဏ်ဂယက်နှင့်ငွေထုတ်မရသည့် သတင်းများ ထွက်ပေါ်ခဲ့မှု ဒေါ်လာစျေးတက်စေရန်၊ ဘဏ်များပြိုလဲစေရန် စစ်ကောင်စီကို တိုက်ရိုက် ထိုးနှက်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ – အကယ်ဒမီရွှေဆိုင်မှ ရွှေဝယ်နေကြသူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar