ရန်ကုန်၊ ဩဂုတ် ၁၆
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ပုံစံ ကြေးငွေကြေးများခြိမ်း ခြောက်တောင်းခံနေပြီး မပေးလျှင် နိုင်/ကျဉ်းများကို ညဉ်းပန်းနှိပ်စက်ဖိနှိပ်မှုများ လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးထောင်တွင် ၂ ပွင့်အဆင့်ရှိ ၁ ဆောင် အဆောင်မှူး နှင့် တပ်ကြပ်ကြီး (ဘေးကြယ်) သီဟအောင် ခေါ် မျိုးသီဟအောင် တို့က ရာဇဝတ်အကျဉ်းသားများနှင့် ပူးပေါင်း၍ ထောင်ပြောင်း ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားအသစ်များကို ပုံစံကြေးဟုဆိုကာ တစ်ဦးလျှင် ကျပ် ၁ သိန်းအထိ တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိ အဆောင်သစ်မှာ ဇွန်နဲ့ ဇူလိုင်လအတွင်းမှာရောက်ရှိလာတဲ့ အင်းစိန်ထောင်အပြောင်းအပါအဝင် နိုင်ငံရေးအကျဉ်း သားအသစ်တွေရောက်ရှိလာတဲ့အပေါ်မှာ ပစ်မှတ် ထားပြီတော့ ငွေကြေးရအောင် ကောက်ယူနေတာဖြစ်ပါတယ်။ ဒီလိုကောက်ယူတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် အရာရှိနဲ့တွေ့တဲ့အခါမှာ ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ ဒီသင်ကြားမှုမှာ ကောင်းမွန်စွာ မသင်ကြားဘဲနဲ့ ညဉ်းပန်းနှိပ်စက်မှုတွေ ကန်ကြောက်တာမျိုးတွေပါ လုပ်တယ်။ အဲဒီလိုမျိုး အလုပ်မခံရဖို့ဆိုရင် ငွေကြေးပေးရမယ်ဆိုတဲ့ ကြားပွဲစားတွေ၊ အဓိကအားဖြင့် အကျဉ်းဦးစီရဲ့ လက်ကိုင် တုတ် တခြားရာဇဝတ်အကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကနေ တစ်ဆင့် ထောင်အရာရှိတွေဆီ စီးဆင်းနေတဲ့ အထောက် အထားတွေ ကျွန်တော်တို့ ရထားတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ထုတ်ပြန်တာဖြစ်တယ်။ စပြီးဖြစ်နေတာက ဇူလိုင်လ ၂၁ ရက်နေ့ကနေ စပြီး ဒီလိုကောက်ခံမှုတွေ ခပ်စိတ်စိတ်လုပ်လာတာကို တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထောင်ဝန်ထမ်းများ တောင်းခံသည့် ပုံစံကြေးငွေ ၁ သိန်း မပေးသည့် နိုင်/ကျဥ်းများကို ထောင်အာဏာပိုင်များက ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်း စသည့် ညှဥ်းပမ်းနှိပ်စက်မှုများပြုလုပ်ရုံသာမက နိုင်ကျဥ်းများကို မအေနှမ မစာနာဘဲ ညစ်ညမ်းစွာ စော်ကား ဆဲဆိုပြောဆိုခြင်းများလည်း ပြုလုပ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အနေနှင့်ဒိုက်ဦးထောင်အတွင်း နိုင်ကျဉ်းများအပေါ် ထောင်အာဏာပိုင်များက ဖိနှိပ်မှုများကို ပြုလုပ်နေမှုအပေါ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိထောင်အာဏာပိုင်များက အရေးယူဆောင်ရွက်မှုလုပ်ဆောင်ခြင်းမပြုဘဲ မျက်ကွယ်ပြုနေဆဲဖြစ်ပြီး အရေးယူဆောင်ရွက်လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောဆိုသည်။
ဓာတ်ပုံ – ဒိုက်ဦးအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar