26 C
Yangon

ကော့ကရိတ်၊ ကျိုက်ထိုနှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ စွယ်တော်ကုန်း တပ်စခန်းက ၈၁ မမ လက်နက်ကြီး ၁ လုံးကို ထီးမူးထကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ အသက် ၉ လ အရွယ် စောလေးလိုဝါး သေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ် စောသာမိုး၊ အသက် ၂၉ နှစ် အရွယ် မချစ်စု၊ အသက် ၄ နှစ် အရွယ်စောအဲစေး၊ အသက် ၅၅ နှစ် အရွယ် နော်တို့ ၊ အသက် ၃၀ နှစ်အရွယ် စောအဲဟေပေါ့ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရှိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီ ၃၂ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အမှတ်-၃၁၀ အမြောက် တပ်ရင်းစခန်းက လက်နက်ကြီး ၁ လုံး ပစ်ခတ်ရာ အခိုင်ကျေးရွာ အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ငါးရှာနေသော မုက္ခမော့ရွာသား အသက် ၂၆ နှစ် အရွယ် မောင်ဝေယံနိုင် လက်နက်ကြီးကျည်စ ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၂ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ အမှတ်-၄၄ ခြေမြန်တပ်မ ဌာနချုပ်စခန်းက လက်နက်ကြီး ၁ လုံး ပစ်ခတ်ရာ ကရဝေးဆိပ်ရွာ စာသင်ကျောင်းဘေးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေါ်ခင်မာဦး ၏ နေအိမ် ၁ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထို မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် အမှတ်-၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ-၄၁၀ တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီး နေဝင်းစိုး၊ ဒုတပ်ရင်းမှူး-ဗိုလ်မှူးမျိုးဇော်ထွန်း၊ ဒုစစ်ကြောင်းမှူး-ဗိုလ်မှူး ဖြိုးဝေလွင် တို့ ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်တန်းလေးရွာနေ ဒေါ်ဘီနှင့် မပွင့်ဖြူ အောင်တို့၏ နေအိမ်တို့ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း၊ ဆေးရုံ ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟို က ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၆နာရီ ၂၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် က ရေတွင်းကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးရုံ နှင့် စာသင်ကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ်နှင့် ၁၀ နာရီ ၁၁ မိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးကို ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာအတွင်း နှင့် ငဖယ်အင်း ကျေးရွာတို့ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ငယ်အင်းကျေးရွာနေ တာဝင်း(လ်)ခယ်၏ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ−၇၃ တပ်ရင်းက လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့ရာ သပြေညွှန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သပြေညွှန့်ရွာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပျက်စီးသွားသော နေအိမ် ၅ လုံး၏ ပိုင်ရှင်များမှာ ငမိုး၊ ဦးကြောက်၊ ဒေါ်ထန်းမေ၊ နီလာဝင်းနှင့် ကိုကျော်ဦးတို့ ဖြစ်ကြပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သပြေညွှန့်ကျေးရွာ အပါအဝင် မယ်ဇံဖြူ၊ လယ်ရှာထူး နှင့် ဆောဝါဒဲ ကျေးရွာ တို့မှ ပြည်သူထူထုများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article