29 C
Yangon

ရေစကြိုမြို့ပေါ်နှင့် ပခုက္ကူ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

Must read

ရေစကြိုမြို့ပေါ်နှင့် ပခုက္ကူ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀

မကွေးတိုင်း၊ ရေစကြိုပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် ပခုက္ကူ နည်းပညာတက္ကသိုလ်ရှိ အကြမ်းဖက် စစ်သားများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့၊ အထက ၁ ကျောင်းအနီးလမ်းမပေါ်တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး စလုံးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသည့် အကြမ်းဖက်စစ်သား ၃ ဦးကိုင်ဆောင်ထားသော MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အမျိုးအစားသေနတ် ၁ လက်နှင့် G3 အမျိုးအစား သေနတ် ၁ လက်တို့ကို ကောက်ယူရန် ကြိုးစားစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်စိုက်ပျိုးရေးရုံး အတွင်း တပ်စွဲ ထားသော အကြမ်းဖက် စစ်သားများက တရပ်စပ်ပစ်ခတ်သောကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“ရေစကြိုမြို့ပေါ် အထက ၁ ကျောင်းအနီးမှာရှိတဲ့ စခ ၃ ဦးကို ပစ်ခတ်ခဲ့တာ။ သေသွားပြီ။ MA 1 တစ်လက်၊ MA 3 တစ်လက်၊ G3 တစ်လက်၊ သွားကောက်ဖို့က ကောက်လို့မရခဲ့ဘူး။ အဲဒီနေရာနဲ့ မီတာ ၂၀၀ လောက်မှာက ရုံးပေါင်းစုံရှိတယ်။ စိုက်ပျိုးရေးရုံးရှိတယ်၊ အဲဒီထဲမှာ စခတွေက တပ်စွဲ နေတာ၊ တပ်စွဲနေတဲ့အတွက်အဲဒီကနေ ကောင်တာတွေလာတယ်။ ကျနော်တို့ကလည်း ကြိုးစား ကောက်တယ်၊ ကျနော်တို့ကလေးတစ်ယောက်ဆိုရင် ၄၀ မမ လာကျတာ၊ စားပွဲခုံကာလိုက်လို့၊ စားပွဲခုံရော၊ လူရော၊ လက်နက်တွေရောလွင့်ထွက်သွားတာ။ လူကတော့ ဘာမှ မဖြစ်လိုက်ဘူး။ ထိခိုက်ဒဏ်ရာလဲ မရဘူး။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက် နေစဉ်အတွင်း ကင်းလှည့်ထွက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အိမ်းစီး ကားပေါ်မှ စစ်သားများက ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအကြမ်းဖက်စစ်သားများနှင့် ထပ်မံ ထိပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF တပ်ဖွဲ့ ၊ Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် ရေစကြိုပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများနှင့် မြို့ထဲနေရာအချို့၌ တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများက အနီးအနားရှိ ပြည်သူ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်ပြီးတော့ ရုံးပေါင်းစုံဂိတ်ထဲကရော မြို့ထဲကရော လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာ ပြည်သူ ၄ ဦးသေဆုံးတယ်လို့ ကျနော်တို့ကြားသိရတယ်။ စခတွေက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ရမ်းသမ်းပြီးပစ်တယ်၊ လက်နက်ကြီးကျည် ကျပြီး သေတဲ့သူတွေရှိတယ်၊ လက်နက်ငယ် ထိမှန် ပြီးသေတဲ့သူတွေလည်းရှိတယ်။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ်ရှိ ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ၆၀ မမ ၊ Rocket အလုံး ၁၀၀ ခန့်သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ရေစကြိုလမ်းမပေါ် ပခုက္ကူ နည်းပညာတက္ကသိုလ်အတွင်းရှိ အကြမ်းဖက်စစ်သားများကို ၆၀ မမ ၊ Rocket ၊ လက်လုပ် ၆၀၊ ၈၀ မမ စသည်တိုဖြင့် အလုံး ၁၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သားမျးနေထိုင်ရာ ဘန်ကာများနှင့် အဆောက်အအုံများ တိုက်ရိုက်ထိမှန်ကာ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရော့ကတ်တွေရော ၆၀ ၊ ၈၀ လက်လုပ်တွေရော အဆိုင်းတွေကလည်း အများကြီးနဲ့သွားပစ်ခဲ့တာ။ ကျနော့်ဆီက ၆၀ အစစ်က သူတို့နေတဲ့အဆောက်အဦနားကို ကွက်တိတစ်လုံးကျတယ်။ ရဲ ၂ ဦးက တော့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ သတင်းရတယ်။ ဒီနေ့မှာ အင်အား ၂၀ လောက်ထပ်မံဖြည့်တင်း ထားတယ်၊ GTC ထဲမှာပေါ့” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ MPL တိုက်နယ်၄ ပကဖ ၊ Gen-21 ၊ TKGF ၊ ရေဟင်္သာ လက်နက်ကြီး ၊ အညာမုန်တိုင်း ၊ Yesagyo Revolution Group (YRG) ၊ ပြည်သူ့အားမာန် ၊ King Cobra ၊ ဒေါင်းညီနောင် နှင့် ဒေါင်းစစ်သည်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article