27 C
Yangon

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း)

Must read

“ဒီ ပွဲသည် အနီနဲ့ အစိမ်းကြားက ရန်ပွဲမဟုတ်ဘူး။ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီက ကြားက ရန်ပွဲမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် လူပုဂ္ဂိုလ် ၂ ယောက်ကြားက ရန်ပွဲလည်း မဟုတ်ဘူး။ ဒါသည် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲသာ ဖြစ်တယ်။ မင်းအောင်လှိုင်သည် တိုင်းပြည်နဲ့ လူအားလုံး အားလုံးကို ဒုက္ခမျိုးစုံပေးနေဦးမှာပဲ”

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း)

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အခုဆိုရင် စစ်ကောင်စီက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်တွေ အထိပါ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ခိုင်းပြီး စစ်ထဲ ဝင်ခိင်းနေပြီ။ အဲဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ ဘယ်လို တုံ့ပြန်သင့်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။ ဒါကြောင့် လူထုကို အမြဲတမ်း တင်ပြခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာ။ ကျွန်တော်တို့သည် ဒီအာဏာ သိမ်းမှုသည် ဒီ ပွဲသည် အနီနဲ့ အစိမ်းကြားက ရန်ပွဲမဟုတ်ဘူး။ ပြောချင်တာက NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီက ကြားက ရန်ပွဲမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် လူပုဂ္ဂိုလ် ၂ ယောက်ကြားက ရန်ပွဲလည်း မဟုတ်ဘူး။ ဒါသည် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲသာ ဖြစ်တယ်။ အဲဒီတော့ အခု မင်းအောင်လှိုင်အာဏာသိမ်းတယ်။ တိုင်းပြည်အတွက် တပ်မတော်အတွက် ပြည်ခိုင်ဖြိုး ပါတီအတွက် ဘယ်သူ့အတွက်မှ ဘာမှ မကောင်းဘူးဗျာ။

အဲဒီတော့ သူအခု လုံးဝ အခြေအနေမကောင်းတော့တဲ့ အချိန်မှာ ခုနပြောတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ လူငယ် လူရွယ်မှန်သမျှ အားလုံးကို အတင်းအဓမ္မတပ်ထဲကို အဓမ္မစစ်သားစုဆောင်းတယ်။ ပြီးတော့ သေမယ့် လမ်းပို့တယ်။ ကျွန်တော်တို့ အားလုံး သိတယ်။ ဟော အခု နောက်ထပ်တစ်ဆင့် ဆိုးလာတဲ့အချိန်ဘာလုပ်သလဲ ၊ ၃၅ နဲ့ ၆၅ ဆိုတော့ ကုန်ပြီဗျာ။ လူက ၃၅ အောက် တပ်ထဲ ဝင်ရမယ်။ ၃၅ နဲ့ ၆၅ ကြားက လက်နက်ကိုင်ပြီးတော့ ပြည်သူ့စစ်ခေါ်တဲ့ပျူစောထီး လုပ်ရမယ်ပေါ့ဗျာ။ ဒါလည်း သေလမ်းပို့တာ။ ပြောချင်တာက မင်းအောင်လှိုင်သည် တိုင်းပြည်နဲ့ လူအားလုံး အားလုံးကို ဒုက္ခမျိုးစုံပေးနေဦးမှာပဲ။ သက်ဆိုးရှည်နေသရွေ့ ဒါကြောင့်ကျွန်တော်တို့ ပြည်သူ့လူထုအားလုံး အားလုံး အနီအစိမ်း အဖြူအဝါအသွေးအရောင်မရွေးဘူးနော်။

လူမျိုးပေါင်းစုံ ကျွန်တော်တို့ ပြည်သူအားလုံးကို ကျွန်တော်တို့ ဒါ တင်ပြလိုတာက နံပါတ် ၁ အာဏာရှင် စနစ် မင်းအောင်လှိုင် စကစ သည် ကျွန်တော်တို့ရဲ့ ဘုံရန်သူဖြစ်တယ်။ ဒါကြောင့် ဘုံရန်သူ ချုပ်ငြိမ်းအောင် တွန်းလှန်နေတဲ့ ပြည်သူ့ နွေဦးတော်လှန်ရေးကြီးမှာ အကုန်လုံး အစွမ်းကုန် ပုံအော သိမ်းကြုံးပြီးတော့ ပါဝင်ရမယ့် အချိန် ထည့်ဝင်ရမယ့် အချိန်ရောက်ပြီ။ ဒါကြောင့် နံပါတ် ၁ မင်းအောင်လှိုင်ရဲ့ အတင်းအဓမ္မတပ်ထဲဆွဲခေါ်တာတွေ အတင်းအဓမ္မပြည်သူ့စစ် ပျူစောထီး လုပ်ခိုင်းတာတွေကို လုံးဝလက်မခံပါနဲ့။ ရရာ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ပါ ရှောင်ဖယ်ပါ။ နံပါတ် ၂ တော်လှန်ရေးထဲကို မိမိတို့ နိုင်ရာ တာဝန် ကျရာ တာဝန်မှန်သမျှကို အစွမ်းကုန်ပါဝင်လိုက်ပါ။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာ တော်လှန်ရေးထဲ ပါဖို့ဆိုတာ လက်နက်ကိုင်ခိုင်းတာ မဟုတ်ဘူးနော်။ လက်နက်ကိုင်နိုင်တဲ့ PDF လုပ်နိုင်တဲ့ အခြေအနေပေးတဲ့ အသက်အရွယ် ကျန်းမာရေးရှိရင် လက်နက်ကိုင်လို့ရတယ်။ ဒါ ကိုယ့်ရဲ့ ရွေးချယ်ခွင့်။ ဟုတ်ပြီ လက်နက်မကိုင်နိုင်လည်းပဲ တော်လှန်ရေးလုပ်လို့ရတယ်။ တော်လှန်ရေးသမားဖြစ်ရမယ်။ ကျွန်တော်တို့ တော်လှန်ရေးသည် လက်နက်ကိုင် နည်းနာတစ်ခုတည်း မဟုတ်ဘူး ။ ကျွန်တော်တို့ လူထုတိုက်ပွဲလို့ ခေါ်တဲ့ လူထုတိုက်ပွဲ လှုပ်ရှားမှု နည်းနာတွေလည်း အများကြီး ရှိတယ်။

ထောက်ပို့ရဲဘော်၊ ထောက်ပို့ ပြည်သူလုပ်မလားဗျာ။ CDM လှုပ်ရှားမှုတွေမှာ အားပေးဝန်းရံကြမလား။ အလားတူ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးမျက်နှာစာရှိတယ်။ အလားတူ နိုင်ငံတကာ သံတမန်ရေးရာ စစ်မျက်နှာ၊ လူထုအထွေထွေအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ၊ နောက်ဘဏ္ဍာရေး စစ်မျက်နှာ လှုပ်ရှားမှုရှိတယ်။ အဲဒီတော့ ဒီတော်လှန်ရေးရဲ့ မျက်နှာစာ အသီးသီးမှာ တော်လှန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျပါဝင်လို့ ရတဲ့ နည်းနာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပြည်သူ အားလုံးအနေနဲ့ လက်နက်ကိုင်တိုက်ပွဲ လူထုတိုက်ပွဲ စတဲ့ တော်လှန်ရေး မျက်နှာစာအသီးသီးမှာ ပိုပြီးတော့ အရှိန်အဟုန်တိုးမြှင့်ပါဝင်ကြဖို့ လိုပြီ။

မင်းအောင်လှိုင် က အတင်းအဓမ္မ သေလမ်းကိုပို့နေတယ်၊ တပ်ထဲကိုအဓမ္မ တပ်သားစုဆောင်းတဲ့ ကိစ္စတွေ ၊ ပျူစောထီးလုပ်ခိုင်းတဲ့ ကိစ္စတွေမှာ လုံးဝပါဝင်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ အနေနဲ့ တော်လှန်ရေးဘက်ကိုပဲ ကျွန်တော်တို့ ခြေစုံပစ်ပြီးတော့ တက်စုံဖွင့် ရွက်စုံလွှင့်ပြီးတော့ ပါဝင်ကြဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ ပြည်သူ အားလုံး အားလုံးကို ဒီကနေ ထပ်လောင်းပြီးတော့ သတင်းစကားပါးလိုပါတယ် ခင်ဗျာ။

မေး။ ။ တချို့နေရာတွေမှာ လူငယ်တွေ လူကြီးတွေ အမျိုးသားတွေ အကုန်ကို စစ်ထဲ ဆွဲသွင်းနေတော့ ပြည်သူလူထုအနေနဲ့ ဒါတွေကို ဘယ် လို ရှောင်ရှားမလဲဆိုတာ ပြောပေးဦးခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ ခင်ဗျာ။ ပထမဦးဆုံးကတော့ တပ်ထဲ အတင်းအဓမ္မခေါ်ယူမှု မခံရအောင် မရောက်အောင် အရင်ဆုံး ကြိုတင်ပြင်ဆင်ရမယ်၊ ကြိုတင်ရှောင်ရှားရမယ်။ ဟုတ်ပြီ ဘယ်လိုမှ မရဘူး အကြောင်းကြောင်းကြောင့် စကစရဲ့ တပ်ထဲကို အတင်းအဓမ္မဆွဲခေါ်သွားရတဲ့ အခြေ အနေရောက်လာပြီဆိုတော့ အသိ သတိနဲ့ စကစရဲ့ အတွင်းမှာ နေထိုင်ရမယ်။ သူတို့ စစ်ပညာသင်ကို ဘယ်လိုမှ စွန့်ခွာလို့ မရ ထွက်ပြေးလို့ မရသေးခင်မှာ စစ်သင်တန်းတွေ ဘာတွေ တက်ရတာမျိုး‌တွေ ရှိကောင်းရှိနိုင်တယ်။

သို့သော် အခြေအနေပေးတာနဲ့ ဒီ ဖက်ဆစ်တပ်ကို အမြန်ဆုံး စွန့်ခွာခဲ့ကြဖို့ ဒါအရေးကြီးပါတယ်။ အရေးကြီးပါတယ် ခင်ဗျာ။ အခြေအနေပေးတာနဲ့ ဖက်ဆစ်တပ်က အပ်နှင်းထားတဲ့ လက်နက်ခဲယမ်းရှိလည်း ယူခဲ့ပေါ့ဗျာ။ ပြည်သူ့ဘက်ကို ထွက်ပြေးလာတဲ့အခါမှာ ယူခဲ့ပြီး ကျွန်တော်တို့အခြေအနေပေးတာနဲ့ အမြန်ဆုံး ဖက်ဆစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့ကြဖို့ ဒါလည်း အရေးကြီးပါတယ်။ ဒီနေ့ အချိန်အထိလည်း ဒီလိုပါပဲ ။ နဂိုတည်းက ဖက်ဆစ်တပ်ထဲ ရောက်နေတဲ့ မြေပြင်က တပ်မှူး တပ်သားတွေလည်း‌ နေ့စဉ်နဲ့အမျှ ပြည်သူ့ဘက်ကို ကူးပြောင်းလာကြတယ်ဆိုတာလည်း တွေ့ရမှာဖြစ်ပါတယ်။

အလားတူ အတင်းအဓမ္မစစ်သားကောက်ခံရတဲ့ စစ်သင်တန်းတက်နေတဲ့ အချိန်မှာပဲ ဖြစ်စေ စစ်သင်တန်းတက်အပြီးမှာပဲ ဖြစ်စေ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ ပြန်လည်ခိုဝင်လာတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေလည်း အများကြီး ရှိပါတယ်ခင်ဗျာ။ ဒီတော့ ကျွန်တော်တို့ ပြောချင်တာက ဖက်ဆစ်တပ်ထဲကို မရောက်အောင်တော့ အရင်ဆုံး ကြိုတင်ဂရုပြုနေထိုင်ရမှာပေါ့ဗျာ။ သို့သော် အကြောင်းကြောင်းကြောင့် ပါသွားပြီဆိုရင်လည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ဘက်ကို ပြည်သူ့ဘက်ကို ပြန်လည်ကူးပြောင်းနိုင်အောင် ကျွန်တော်တို့ ဒါ ကြိုးစားကြရမယ်၊ ဆောင်ရွက်ကြရမယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြလိုပါတယ် ခင်ဗျာ။

မေး။ ။ လူငယ်တွေကို ပြည်ပသွားရောက်ခွင့်ကို ပုံစံအမျိုးမျိုးနဲ့ ပိတ်လာတယ်။ ပေါ်တာဆွဲတာတွေ လုပ်လာတော့ ထွက်ပေါက်ပိတ်လာတဲ့ သဘောဖြစ်လာတယ်။ အဲဒီအပေါ်မှာရော လူငယ်တွေကို ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒီတော့ ရှေ့က ဆွေးနွေးခဲ့တာတွေနဲ့လည်း ဆက်စပ်တယ်။ အာဏာသိမ်းပြီးစမှာ အာဏာသိမ်းဖို့ လက်မခံဆန့်ကျင်တဲ့ ပြည်သူတွေရှိတယ်။ ဒီပြည်သူတွေ အပေါ်မှာ အာဏာရှင်စနစ်က ထုံးစံအတိုင်း ဖိနှိပ်တယ် သတ်ဖြတ်တယ်။ ထောင်ချတယ်။ တော်လှန်ရေးသမားတွေ ခံရတာပေါ့။ အဲဒီကနေ တဖြည်းဖြည်း တဖြည်းဖြည်း အာဏာသိမ်းမှု ကြာပြီးနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ လူမှုစီးပွားခက်ခဲလာတယ်၊ ကျပ်တည်းလာတယ်။ ငွေကြေးတွေ ဖောင်းပွတယ်ဗျ၊ ကုန်ဈေးနှုန်းတွေ တက်တယ်ဗျာ။ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘူးဗျာ။ မတည်ငြိမ်တော့ဘူး။

ဒီအခါမှာ အရင်ဆုံးအခြေခံလူတန်းစားတွေ စားဝတ်နေရေးထိခိုက်တယ် ၊ လုံခြံရေးထိခိုက်တယ်။ အဲဒီကနေ တဖြည်းဖြည်း တဖြည်းဖြည်း ၂၀၂၃ လောက်ကျတော့ လူလတ်တန်းစားတွေပါ ထိခိုက်လာတယ်။ အခု ၂၀၂၄ ၊ ၂၀၂၃ နှစ်ကုန်ပိုင်း ၂၀၂၄ ကျတော့ အရင် လူမှုစီးပွားအရ ခိုင်မာတောင့်တင်းတယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ ထိခိုက်နစ်နာလာပြီ။ အခုဆိုရင် နိုင်ငံခြားသွားဖို့တောင် သွားခွင့်မရှိတော့ဘူး။ ကိုယ့်ရဲ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားပြီ ။ ပညာရေးအခွင့်အရေး အလုပ်အကိုင်အခွင့်အရေး ကျွန်တော်တို့ ပြောချင်တာက ဘာကို တင်ပြလဲဆိုတော့ အာဏာရှင်စနစ်သည် တိုင်းပြည်တစ်ခုလုံးကို လူ့အလွှာအသီးသီးကို ဆိုးကျိုးကြီးပဲ မျိုးစုံပေးနေမှာပဲ။

ခုနပြောတဲ့ အသက်အရွယ်နဲ့ဆို စောစောပိုင်းက ၁၈နဲ့ ၃၅ နှစ်ကြားကို တပ်ထဲကို ထည့်တယ်။ အခု ၃၅ နဲ့ ၆၅ ပါ အတင်းအဓမ္မခေါ်နေပြီ။ ပြောချင်တာက အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်သည် ဒီတိုင်းပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားအားလုံးကို ဒုက္ခမျိုးစုံပေးနေပြီ။ အာဏာသိမ်းတဲ့အတွက် ကြံ့ခိုင်ရေးပါတီလည်း ဘာမှ ကောင်းကျိုးရှိလာတာ မဟုတ်ဘူး။ တပ်မတော်လည်း ဘာကောင်းကျိုးရှိလဲ။ ဘာမှ ကောင်းကျိုးမရှိဘူး။ အခုတပ်မတော်ရဲ့ သမိုင်း ရေစုန်မျှောနေတဲ့ အခြေအနေ။ ဒီတော့ ကျွန်တော်တို့ ပြောချင်တာ တိုင်းပြည်တစ်ခုမှာ နိုင်ငံရေး ခေတ်စနစ်မကောင်းဘဲ ပညာရေးလည်း မကောင်းနိုင်ပါဘူး ခင်ဗျာ။

နိုင်ငံရေးခေတ်စနစ်မကောင်းပဲ ကျန်းမာရေးလည်း မကောင်းနိုင်ပါဘူးခင်ဗျာ။ နိုင်ငံရေးခေတ်စနစ်မမှန်ဘဲနဲ့ လမ်းပန်းဆက်သွယ်ရေး စီးပွားရေးလည်း မကောင်းနိုင်ပါဘူး။ ဒါကြောင့် လူငယ် လူရွယ်တွေ ။ လူငယ် လူရွယ်တွေ ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ အင်အားလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်လူရွယ်အများစုက ဒီနွေဦး တော်လှန်ရေးမှာ Gen z တွေ အပါအဝင်ပေါ့ဗျာ။ လူငယ်လူရွယ်တွေ အားလုံးက နွေဦးတော်လှန်ရေးမှာ အများစု ပါဝင်နေကြတာလည်းပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ရန်သူ့နယ်မြေလို့ ပြောလို့ရတဲ့ မြို့ပေါ်မှာ ရပ်တည်ရှင်သန်နေကြတဲ့ လူငယ်လူရွယ်ထုကို ဒီကနေ ထပ်လောင်းပြီးတော့ တိုက်တွန်းနှိုးဆော်ချင်တာက တိုင်းပြည်တစ်ခုမှာ ခေတ်မကောင်းဘဲ လူငယ့်အနာဂတ်လည်း မကောင်းနိုင်ပါဘူး။

ခေတ်ကောင်းအောင် စနစ်ပြောင်းအောင် လူငယ်ထု သွေးနဲ့ လူငယ်ထုအားနဲ့ လူငယ်ထုရဲ့ ဇွဲသတ္တိတွေနဲ့ ကျွန်တော်တို့ တည်ဆောက်လိုက်ကြရအောင် ပုံဖော်လိုက်ကြရအောင်ဆိုတာ ကျွန်တော် ဒီကနေ ပြောချင်ပါတယ်။ အဲဒီတော့ တော်လှန်ရေးကာလမှာတော့ အရာအားလုံးက အဆင်ပြေနေမှာ ချောမွေ့နေမှာတော့ မဟုတ်ပါဘူး။ တော်လှန်ရေးခရီးဆိုတာကတော့ ခရီးကြမ်းကြီးဖြစ်ပါတယ်။ ဆူးခင်းလမ်းကြီးဖြစ်ပါတယ်ဗျ။ ပန်းမွှေ့ယာ ကော်ဇောခင်းထားတဲ့ပန်းခင်းလမ်းမဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ တော်လှန်ရေးမှာ တစ်တပ်တအား နိုင်ရာတာဝန် ကျရာကဏ္ဍမှာ အတူ ထမ်းရွက်ကြဖို့ အားလုံး အားလုံးကို လူငယ် လူရွယ်ထုအပါအဝင် တော်လှန်ပြည်သူအပေါင်းကို ကျွန်တော်တို့ ထပ်လောင်းပြီးတော့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ ခံယူတာက ပြည်သူအားလုံးတော်လှန်ရေးသမားဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ထပ်ပြီးတော့ တင်ပြပါမယ်။ ကျွန်တော်ပြောတဲ့ တော်လှန်ရေးထဲပါဖို့ဆိုတော သေနတ်ကြီးကိုင်ဖို့ လက်နက်ကြီး ကိုင်ဖို့ကို ဆိုလိုတာ မဟုတ်ပါဘူး။ လက်နက်ကိုင်နိုင်တဲ့အခြေအနေပေးတဲ့ လူက လက်နက်ကိုင်မယ်။ လက်နက်ကိုင်ဖို့ အခြေအနေမပေးတဲ့လူ မကိုင်ချင်တဲ့လူက တခြားလက်နက်မဲ့ တော်လှန်ရေး နည်းနာတွေမှာ ပါဝင်လို့ ရတယ်။ ဥပမာဗျာ ကျွန်တော်တို့မှာ တော်လှန်ရေးဘက်က စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ပညာရေး စာသင်ကျောင်းတွေ လည်ပတ်နေတာတွေ ရှိတယ်။ အခြေခံကျောင်းတွေရော အဆင့်မြင့် ပညာကျောင်းတွေရော ရှိတယ်။ အလားတူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ တည်ဆောက်နေတာရှိတယ်။ တော်လှန်ရေးနယ်မြေတွေမှာ ။ အလားတူ တခြားကိစ္စတွေမှာပေါ့ဗျာ။ ဒီလိုနေရာတွေမှာ မိမိတို့ တတ်ကျွမ်းတဲ့ အသိပညာ အတတ်ပညာနဲ့ ပါဝင်အားဖြည့် ကူညီလို့ရတဲ့ဟာတွေ ရှိတယ်။

ကိုယ်တိုင်ကိုယ်ကျလည်းပဲ ဒီယန္တရားထဲမှာ ပါဝင်ဖော်ဆောင်နိုင်တဲ့ဟာတွေ ရှိတယ်။ အလားတူ အင်တာနက် အွန်လိုင်းကနေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပညာရေး စနစ်တွေ တခြားတော်လှန်ရေးအတွက် တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်း အလုပ်တာဝန်တွေလည်း အများကြီးရှိပါတယ်။ ဒီနေရာတွေမှာလည်း တတ်နိုင်သမျှ ပါဝင်အားဖြည့်ဖို့ လိုအပ်ပါတယ် ခင်ဗျာ။ အချုပ်ပြောချင်တာကတော့ နိုင်ငံရေးမကောင်းဘဲနဲ့ ပညာရေးလည်းမကောင်းနိုင်ဘူး။ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးကောင်းအောင် ခေတ်ကောင်းအောင် တည်ဆောက်နေတဲ့ ခေတ်ပြောင်း စနစ်ပြောင်း ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ကျွန်တော်တို့ အားလုံး အကုန်သိမ်းကြုံးပုံအောပြီးတော့ ပါဝင်ကြရမယ့် အခြေအနေရောက်နေပြီဆိုတာကိုပဲ ကျွန်တော် အနှစ်ချုပ် တင်ပြလိုပါတယ် ခင်ဗျာ။

မေး။ ။ ပြည်သူတွေ အမြဲသိချင်နေတဲ့ မေးခွန်းက နွေဦးတော်လှန်ရေး ဘယ်တော့ ပြီးမှာလဲဆိုတာအဖြေပေးရင်း ပြည်သူတွေအတွက် အား ပေးစကားပြောပေးပါဦးခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။ တော်လှန်ရေးအေးအေးချမ်းချမ်းဖြစ်တာနဲ့အညီ ပင်ပန်းဆင်းရဲမှုတွေ အဆင်မပြေမှုတွေ ကိုယ်ရောစိတ်ပါ ဒုက္ခသုက္ခတွေလည်း များစွာ ရှိကြတာပေါ့ဗျာ။ အခုဆိုရင် အချိန်ကလည်း ၃ နှစ်ကျော် ၄ နှစ်အတွင်းရောက်လာပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ အဓိက ပြောချင်တာက ကျွန်တော်တို့ တော်လှန်ရေးကြီး စကတည်းက ကျွန်တော်တို့ ခံယူခဲ့တာ ရှိပါတယ်။ လူထုအားလုံး တာတိုမှာ အင်အား တာလတ်မှာ အဆုံးအဖြတ် တာဝေးမှာ စိတ်ဓာတ်ဆိုတဲ့ ခံယူချက်ပေါ့။ ဒီခရီးစထွက်ကတည်းက တာတိုခရီးမဟုတ်မှန်း ခရီးမဖြစ်နိုင်မှန်း ကျွန်တော်တို့ အာားလုံးအလေးအနက်ခံယူခဲ့ပါတယ် ။

ဘာကြောင့်လဲ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ရန်သူက အင်မတန်မှ အင်အားအရ အထူးသဖြင့် ရုပ်ဝတ္ထုအင်အားအရ တောင့်တင်းပါတယ်။ နှစ် ၇၀ကျော် အမြစ်စွဲလာတဲ့အာဏာရှင် စနစ်ဖြစ်ပါတယ်။ ဒီ အာဏာရှင်စနစ်ကို ဒီနွေဦးတော်လှန်ရေးကနေ အရှင်းပပျောက်အောင် ကုစားရတာဖြစ်တဲ့အတွက် အားတော့ စိုက်ရတာပေါ့ဗျာ ။ အဲဒီတော့ အာဏာရှင်စနစ်ကို အမြစ်ကနေ တူးလှန်ရတာဖြစ်တယ်။ ကိုင်းဖျားကိုင်းနားကို ခုတ်နေတာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ အားတော့ ပိုစိုက်ရတယ်။ ပင်ပန်းမယ်၊ ခက်မယ်၊ ကြမ်းမယ်။ အရင်းအနှီးတွေ ကြီးမယ်။ သို့သော် ကျွန်တော်တို့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထာဝရပျော်ဖို့ရာအတွက် ခေတ္တတော့ ကျွန်တော်တို့ အားစိုက်ရတာပေါ့ဗျာ။

ကျွန်တော်တို့ အားလုံး ပြည်သူတွေ အားလုံး ကျွန်တော်တို့ အတူတူရှိနေတယ်။ အတူတူ ရုန်းကြမယ်။ ကျွန်တော်တို့ မျိုးဆက် အခု ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အရင်းအနှီးကြီးတယ်၊ သို့သော် ကျွန်တော်တို့ ကြုံသလို ဒီလိုမျိုးအာဏာသိမ်းမှုဆိုတာတွေ ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်ရတယ်ဆိုတာတွေ ကျွန်တော်တို့ နောင်လာမယ့် မျိုးဆက်သစ်တွေ မကြုံရတော့ဘူး၊ မတွေ့ရတော့ဘူး ၊ မမြင်ရတော့ဘူး။ ဒါဆိုရင် ကျွန်တော်တို့ ဘာပဲ ရင်းရ ရင်းရတန်တယ်ဗျာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နှစ် ၇၀ ကျော် နိုင်ငံရေးပြဿနာကို ကျွန်တော်တို့ ခေတ်မှာ ကျွန်တော်တို့ မျိုးဆက်အတွင်းမှာ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ပြန်လည် ပုံဖော်မယ်၊ ထုဆစ်မယ်၊ ခေတ်ကောင်း စနစ်ကောင်း နေပျော်တဲ့တိုင်းပြည်တစ်ခု လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ မျိုးဆက်မှာ ကျွန်တော်တို့ လက်တွေနဲ့ ကျွန်တော်တို့ အသွေးအသားတွေနဲ့ တည်ဆောက်ကြမယ်ဆိုတဲ့ ခံယူချက်နဲ့ သွားကြမယ်။ ပြည်သူမှာ ပြည်သူရှိတယ်။ ဒီတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်တယ်။

ပြည်သူအားလုံး တော်လှန်ရေးသမားဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ပန်းတိုင်သည် အများကြီး နီးကပ်လာပြီဆိုတာကိုတော့ ကျွန်တော်တို့ အားလုံးခံစားမိကြမှာ ဖြစ်တယ်။ တော်လှန်ရေးဘယ်အထိရောက်နေပြီလဲ အားလုံးသိတယ်ဗျာ. မန္တလေးမြို့ခြေရင်းအထိရောက်နေပြီပဲ။ ဒါအားလုံး သိပြီးသားပဲ ။ ကျွန်တော်တို့ အတူတူဆက်ပြီးတော့ ရုန်းကြမယ်။ ပြည်သူမှာ ပြည်သူရှိတယ်။ ပြည်သူသာ အဓိက ဖြစ်တယ်။ ပြည်သူ့အားကို ဘယ်အရာမှ မကျော်လွှားနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အတူတူ တော်လှန်ခရီးကြမ်းကို ဆက်လက်ပြီး ချီတက်ကြမယ်လို့ပဲ တင်ပြလို့ပါတယ် ခင်ဗျာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article