26 C
Yangon

အပတ်စဉ် ၁ မှ ၃ အထိ စစ်သင်တန်းဆင်း တပ်သားသစ်များအားလုံးနီးပါးကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၅ စတင်ဖွင့်လှစ်၊ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ်အများအပြား ပါဝင်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ မှ အပတ်စဉ် ၃ အထိ စစ်သင်တန်းဆင်း တပ်သားသစ်များအားလုံးနီးပါးကို ရှေ့တန်းစစ်မြေပြင်သို့ စစ်ကောင်စီက စေလွှတ်ပြီးနောက် စစ်မှု ထမ်း အပတ်စဉ် ၅ ကို ယမန်နေ့ စက်တင်ဘာ လ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။

စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂ မှ သင်တန်းဆင်း တပ်သားသစ်အများစုကို စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့ သင်တန်းဆင်းခဲ့သော တပ်သားသစ်အများစုမှာလည်း ကရင်နီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ဒေသများသို့ စေလွှတ်ခံထားရကြောင်း ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်များက ပြောဆိုသည်

“သားလေးက အသက် ၂၂ နှစ်။ စက်မှုဇုန်ကနေ အလုပ်ပြန်ရင်းနဲ့ လမ်းမှာ ဖုန်းထဲမှာ ဘောလုံးလောင်းကစားတာတွေ တွေ့လို့ဆိုပြီး ဖမ်းသွားရာကနေ စစ်တပ်ထဲ အပို့ခံရတာ။ စက်တင်ဘာလ ၆ ရက်နေ့က သင်တန်းဆင်းတယ်။ ညပိုင်း ဖုန်းဆက်တယ်။ အမေတဲ့ သားတို့ တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းက တော်တော်များများကို ရှေ့တန်းပို့မယ်တဲ့။ ဘယ်ပို့မယ်ဆိုတာ မပြောဘူးတဲ့။ ရောက်မှ ပြန်အကြောင်းပြန်မယ်ဆိုပြီး ဖုန်းဆက်တယ်။ အခုထက်ထိ ဘယ်ရှေ့တန်းကိုပို့လဲ အကြောင်းမပြန်သေးဘူး” ဟု ရွှေပြည်သာမှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်း အပတ်စဉ် ၃ တက်ရောက်သင်တန်းဆင်းခဲ့သော လူငယ်တပ်သားသစ်တစ်ဦး၏ မိခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ်များသည် နိုင်ငံတစ်ဝန်းရှိ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်ခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးခြင်း၊ အဖမ်းခံရခြင်း များစွာရှိသော်လည်း တပ်သားသစ်များ၏ သက်ဆိုင်ရာ မိဘဆွေမျိုးများကို စစ်တပ်က အကြောင်းကြားမှု မရှိကြောင်း၊ တပ်သားသစ်များ၏ လစာကိုလည်း တစ်လလျှင် ၅ သိန်းကျော်ပေးမည်ဟု စစ်တပ်က ဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းကျော်သာ လစာရရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ဖြစ်ပွားလျက်ရှိသော မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသော စစ်သုံ့ပန်း ၆၀ ကျော်မှာ စစ်မှုထမ်း သင် တန်းဆင်း တပ်သားသစ်များဖြစ်ကြောင်း ပင်လည်ဘူးရှိ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ စစ်ကောင်စီက စတင်ဖွင့်လှစ်သော စစ်မှုထမ်း သင်တန်းအပတ်စဉ် ၅ တွင် နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ်များနှင့် အမျိုးသားအများအပြား ပါဝင်ခဲ့ပြီး ပေါ်တာဆွဲမှုများသည် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် ဖြစ်ပွားခဲ့ကြောင်း ၊ အထူး သဖြင့် နယ်မြေခံ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းမှုဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပဲခူးတိုင်းတစ်ခုတည်းတွင်ပင် ပေါ်တာဆွဲခံရသော လူငယ် ၂၀၀ ကျော်ရှိကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

“စစ်မှုထမ်း အပတ်စဉ် ၄ ကတော့ မဆင်းသေးဘူး။ အပတ်စဉ် ၄ ဆင်းရင်လည်း ရန်နိုင်မင်း စစ်ဆင်ရေးအတွက် နယ်မြေတွေ ပြန်သိမ်းဖို့ လုပ်နေတာမို့ ကရင်နီ၊ ရှမ်းမြောက်နဲ့ ရခိုင်ဘက်ကိုပဲ အဓိက ဦးတည်ပြီး သင်တန်းဆင်းတွေကို ရှေ့တန်းပို့မယ့် အခြေအနေရှိပါတယ်” ဟု နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလမှ စတင်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ကာ လူငယ်များကို စစ်တပ်ထဲ အတင်း အဓမ္မ ဆွဲသွင်း၍ တပ်သားသစ်များစွာ ရရှိရေး လစဉ် စစ်သင်တန်များ ဖွင့်လှစ် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article