27 C
Yangon

စစ်တွေမြို့၊ ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်မှ ပြည်သူများကို စစ်ကောင်စီက ရပ်ကွက်များအတွင်း နေထိုင်ခွင့်မပြုတော့ဘဲ နှင်ထုတ်

Must read

ရန်ကုန်| စက်တင်ဘာ ၁၇

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။

ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများအားလုံး စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“၁၄ ရက်နေ့က ခေါ်ပြီး ပြောတယ်။ အိမ်တွေကိုလည်း လိုက်လံပြောတယ်။ ဒီမှာနေလို့မရဘူးတဲ့။ ၂ ရက်အချိန်ပေးမယ်လို့ ပြောတယ်။ ၂ ရက်အတွင်း အပြီးထွက်ကြရမယ်။ အိမ်တွေရော ဖြိုချပြီးယူချင်ရင် ယူသွားကြလို့လည်း ပြောတယ်။ အဲ့ဒါကြောင့်ပဲ ထွက်လာကြရတာ” ဟုပြောသည်။

ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများမှာ မတည်ငြိမ်သည့် စစ်တွေမြို့အခြေနေကြောင့် တစ်ခြားဒေသများသို့ အများအပြားတိမ်းရှောင်သွားကြပြီဖြစ်ကာ ကျန်ရှိနေသည့် ရပ်ကွက်တွင်းနေထိုင်သူများကိုပါ စစ်ကောင်စီတပ်က ထပ်မံနှင်လာခြင်းဖြစ်သည်။

ရွှေပြည်သာရပ်ကွက်နှင့် အနီးစပ်ဆုံးရှိနေသည့် ကျေးတောမှ ရွာသားများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျေးတောရွာသားတစ်ဦးက ” ဘာအကြောင့်ပြချက်မှ မရှိဘဲ ကိုယ့်အိမ်မှာကိုယ့်နေလို့ တခြားနေရာကို ရွှေ့ခိုင်းတယ်။ မပြောင်းရွှေ့ရင် ဖမ်းမယ်ဆီးမယ်ဆိုပဲ။ ဒါက နှင်ထုတ်တာပဲ။ ရွှေပြည်သာလည်း အဲဒီလိုကြားရတော့ စိတ်မကောင်းဘူး။ စစ်တွေမြို့ထဲမှာ အိမ်ရှိတာလည်းမဟုတ်ဘူး။ ဘယ်မှာ သွားနေရမှာလဲ။ တော်တော် စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ” ဟု ပြောသည်။

လက်ရှိတွင် ရွှေပြည်သာနှင့် ကျေးတောရွာသားများမှာ စစ်တွေမြို့တွင်းသို့ ဝင်ရောက်လာကြရပြီဖြစ်ကာ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုကပ်၍ နေထိုင်ကြရသည်ဟု ရွာသားများက ပြောဆိုကြသည်။

နောက်ထပ် ရွှေပြည်သာ ဒေသခံတစ်ဦးက “စစ်တွေမြို့တွင်းဘက်ကိုပဲ ဝင်လာရပါတယ်။ တချို့လည်းနီးစပ်ရာတွေမှာ နေကြတယ်။ တချို့လည်း ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာကလည်း စစ်ဘေးရှောင်တွေ တည်းခိုနေကြတာများတော့ တချို့ကျောင်းတွေမှာဆို လက်မခံကြတာတွေလည်းရှိတော့ နေထိုင်စားသောက်ရေးအခက်ခဲတွေ အများကြီးရှိကြပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ဒေသခံပြည်သူများကို ရွှေ့ပြောင်းချင်တိုင်းရွှေ့ပြောင်းနေပြီး နေရာ၊ ထိုင်ခင်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းမရှိကြောင်း စုံစမ်းသိရသည်။

ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်တို့သည် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း ဆတ်ရိုးကျတံတား အနီးတွင်ရှိပြီး အပြစ်မဲ့အရပ်သား ၁၀၀ ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူကျေးရွာနှင့်လည်း နီးသည့် ရပ်ကွက်များဖြစ်ကြသည်။

ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်မှာ စစ်ကောင်စီက ယခင်ကတည်းက လုံခြုံရေးဂိတ်များ ချထားပြီး ပြီးခဲ့သည့်လကစ၍ ဂိတ်များ ထပ်တိုးထားကာ ကျေးရွာအတွင်း တပ်စွဲနေထိုင်နိုင်ရန် ရွာသားများကို နှင်ထုတ်ခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

စစ်ကောင်စီ နှင်ထုတ်သည့်ကျေးရွာ စစ်တွေမြို့နယ်တွင် ၁၅ ရွာထက်မနည်းရှိလာနေပြီး ပလ္လင်ပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ငယ်၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ကျားလည်ချောင်း၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ အမြင့်ကျွန်း၊ ဗျိုင်းဖြူ၊ ကျေးတော၊ ရွှေပြည်သာ စသည့်ကျေးရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article