27 C
Yangon

NUGနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်ရန် မရှိသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်ထားမည်ဟု MNDAA က ကြေညာ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအပေါ် တရုတ်၏ ဖိအား အလွန်ကြီးမားနေဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရန် မရှိသော်လည်း MNDAA အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က တရားဝင် ထုတ်ပြန်ကြေညာသည်။

MNDAA ၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံး၀ ပြောင်းလဲမည်မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအ၀ိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိင်ငံရေး Redline ဖြစ်ကြောင်း MNDAA က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ ထက် တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် MNDAA က အထူးမေတ္တာရပ်ခံကြောင်း၊ MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်း ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ကြေညာထားသည်။

လက်ရှိ တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အပေါ် ဖိအားကြီးကြီးမားမားပေးနေပြီး နယ်စပ်များကို တစ်ဖက်သတ် ပိတ်ပင်မှုများ လုပ်ဆောင်နေကြောင်း၊ တရုတ်၏ ဖိအားပေးမှုသည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အားလုံးအပေါ် သက်ရောက်မှုရှိနေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တရုတ်ရဲ့ ဖိအားက အတော်ကို ကြီးပါတယ်။ ဖိအားဆိုတာထက် ခြိမ်းခြောက်မှုလို့တောင် အဆင့်တပ်လို့ ရမယ့် အခြေအနေ ရှိပါတယ်။ ဒီလို အခြေအနေရောက်လာတာက ပြည်သူလူထု ပူးပေါင်းမှုကြောင့် ရောက်လာပေမယ့်လည်း တစ်ဖက်မှာ တရုတ်ရဲ့ အလွန်ပြင်းထန်တဲ့ ဖိအား ရှိနေတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး” ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးစ တင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင် အပါအဝင် မြို့အများအပြား သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယာယီ အပစ်အခတ်ရပ်စဲကာ ၁၀၂၇ ဒုတိယလှိုင်းဖြင့် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုး၊ ရမခ စစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်အဆင့် “ရန်နိုင်မင်း” စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ခဲ့ကြောင်း၊ ယင်းနောက် လားရှိုး၊ နမ့်ခမ်း အပါအဝင် လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည် ရရှိစေရန် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဩဂုတ်လအတွင်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဩဂုတ်လအတွင်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article