27 C
Yangon

ပြည်ကြီးတံခွန်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ကျော်ကို စစ်တပ်က တပ်သားသစ်စုဆောင်းမှုအဖြစ် ပေါ်တာဆွဲဖမ်းဆီး၊ အမရပူရ၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများထံမှ ငွေကျပ် သိန်းချီတောင်းခံနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ဦးကျော်ကို စစ်တပ်က တပ်သားစုဆောင်းမှုအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ဦးကျော်ကို စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ပေါ်တာဆွဲနေသော ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွင် ကံကြီးကုန်းကျေးရွာအုပ်ချုပ်မှူး တင်မိုးဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဇော်ဇော်အောင်တို့က ဦးဆောင်ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသော အမျိုး သား ၂၀ ဦးကျော်မှာ လူကြီးလူငယ်လူလတ် အသက်အရွယ်ပေါင်းစုံ ပါဝင်ကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၅ နာရီမှာ အမျိုးသား ၂၀ ကျော်ကို ဝင်ဖမ်းသွားပါတယ်။ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းတက်ရမယ်ဆိုပြီးတော့ အကုန်လုံးကို ကားပေါ် ဆွဲတင် ခေါ်သွားတာ။ လူကြီးလူငယ်လူလတ်အကုန်ခေါ်သွားတာပါ။ ဦးဆောင်တဲ့သူတွေထဲမှာ ကံ ကြီး ကုန်း အုပ်ကြီး တင်မိုးဝင်းနဲ့ဇော်ဇော်အောင် ပါတယ်။ တင်မိုးဝင်းက ကံကြီးကုန်းရွာ၊ ရွာသစ်ကလေးနဲ့ ဇီးအုပ်ရွာ သုံးရွာပေါင်းအုပ်ကြီး လုပ်နေတာ။ ဇီးအုပ်ကျေးရွာက သန်းထွန်းနဲ့အောင်ကိုလင်းတို့လည်းပါတယ်” ဟု ပေါ်တာဆွဲခံရသော လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ စစ်သား စုဆောင်းမခံရစေရေးဟု အကြောင်းပြကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တစ်အိမ်ထောင်လျှင် ငွေကျပ် သိန်းချီတောင်းခံနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အရပူရမြို့နယ်၊ ရွှေကြက်ယက်အုပ်စုအတွင်း၌ ပတ္တမြားရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ယက္ကန်းတော် ရပ်ကွက်၊ ခဝါတော်ရပ်ကွက်၊ သပြေတန်းရပ်ကွက် စသည့် ရပ်ကွက် ၅ ခုရှိပြီး ယက္ကန်းတော်ရပ်ကွက် ၌ အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းခွဲ၊ ရွာသစ်ရပ်ကွက်၌ အိမ်ထောင်စုတစ်စုလျှင် တစ်သိန်း နှစ်‌ သောင်း၊ ပတ္တမြားရပ်ကွက်၌ တစ်အိမ်ထောင်လျှင် တစ်သိန်း၊ ခဝါတော်ရပ်ကွက်တွင်တစ်အိမ်ထောင် လျှင် ၅ သောင်းစသည်ဖြင့် ကောက်ခံနေကြောင်း သိရသည်။

“ကျနော်တို့ဆီမှာ စစ်မှုထမ်းလာကောက်နေတယ်၊ ပတ္တမြား၊ ရွာသစ်၊ ယက္ကန်းတော်၊ ခဝါ၊ သပြတန်း ၊ ၅ ရွာလာကောက်နေတယ်၊ သူက တစ်အိမ်ထောင်ကို တစ်သိန်း၊ အုပ်ကြီးတွေ၊ ဆယ်အိမ်မှူးတွေက ကောက်နေတာ၊ အဲဒီတစ်သိန်းကောက်ပြီး ၆ လအတွင်း စစ်သားမစုဆောင်းအောင် စစ်တပ်ကို လာဘ်ထိုးရမယ်၊ နောက် ၆ လကျရင်လည်းအဲလိုပဲ ပိုက်ဆံကောက်လာဘ်ထိုးရမယ်ဆိုပြီး ကောက် နေတာ၊ ၆ လတစ်ခါ ပေးနေရမှာပေါ့၊ အိမ်ခြေနည်းတဲ့ရွာကျတော့ တစ်သိန်းခွဲ၊ အိမ်ခြေများတဲ့ရွာကျ တော့တစ်သိန်း အဲလိုအမျိုးမျိုးကောက်နေတာ၊တကယ်လို့ ပိုက်ဆံမပေးရင် တစ်ရွာကို စစ်သား ၂ ယောက်ပေးရမယ်၊ အိမ်ခြေ ၂၀ ရှိတဲ့ရွာလည်း ၂ ယောက်ပေးရမယ်၊ ၂၀ ရှိတဲ့ရွာလည်း ၂ ယောက်ပေး ရမယ်ဆိုပြီး အုပ်ကြီးတွေက ခြိမ်းခြောက်နေတာ။” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပတ္တမြားကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ ရွာသစ်ကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်နှင့်ကျန်ကျေးရွား များမှာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည့် ကျေးရွာများဖြစ်ပြီး ရွှေကြက်ယက်အုပ်စုအတွင်းရှိ အုပ်ချုပ်ရေး မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူလူထု အပေါ်၌ မတရားဆက်ကြေးကောက်၍ ကြီးပွားချမ်းသာနေကြောင်း သိရသည်။

“ရွှေကြက်ယက်က အုပ်ကြီးတွေအတွက် စီးပွားရေးဂွင်ဖြစ်နေတာ၊ ရွှေကြက်ယက်က သူတို့အတွက် စားဂွင်ကြီးပဲ၊ စစ်မှုမရအောင် လုပ်ပေးမယ်ဆိုတာလည်း သူတို့အတွက်ပါ ကျန်လို့ လုပ်နေတာ၊ စစ် တပ်ကို လာဘ်ထိုးတာဝက်ဆိုရင် သူတို့အတွက်က တစ်ဝက်ပဲ၊ အခုရွာသူရွာသားတွေက ပိုက်ဆံ မပေးနိုင်ဘူးပြောတော့ တစ်ရွာကို စစ်သား ၂ ယောက်ပေးရမယ်ပေါ့၊ အဲလိုခြိမ်းခြောက်နေတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၅ အတွက် အတင်းအဓမ္မ စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်း အပတ်စဉ် ၅ အတွက် အတင်းအဓမ္မ စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article