27 C
Yangon

ကန့်ဘလူ၊ မလည်ရွာရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေပြီး ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကန့်လလူ၊ မလည်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေပြီး ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ မလည်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ကန့်ဘလူခရိုင် PDF တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသ ကာကွယ်ရေးအဖွဲ့များက ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ထိုက်ခိုက်သေဆုံးမှု များပြားသောကြောင့် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ပျူစောထီးများ စစ်မတိုက်ဘဲ ကြောက်လန့်၍ ထွက်ပြေးသောကြောင့် တံတားဦး မှ တက်လာသည့် Jet Fighter ဖြင့် နံနက် ၁၁ နာရီ ၁၆ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၁၇ မိနစ်တွင် ၁ ကြိမ် ဗုံးသီး ၂ လုံး ကျဲချပြီး ၁၁ နာရီ ၁၈ မိနစ်တွင် စက်လက်ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် တံတားဦးမှ ဒုတိယအကြိမ် တက်လာသည့် Jet Fighter ဖြင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဗုံးသီး ၂ လုံး၊၁၁ နာရီ ၃၁ မိနစ်နှင့် ၃၅ မိနစ်တို့တွင် ဗုံးသီး ၂ လုံးထပ်မံ ကျဲချပြီး စက်လက်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူများ ပေး၍ တိုက်ခိုက်သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် တံတားဦးမှ တတိယအကြိမ်တက်လာသည့် Jet Fighter ဖြင့် ၁ ကြိမ် ဗုံးသီးချပြီး မွန်းလွဲ ၁ နာရီ ၃၇ မိနစ်၊ ၃၈ မိနစ်နှင့် ၄၂ မိနစ်တို့တွင် Jet Fighter ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသည့် Jet Fighter ၁ စီးက ဗုံးသီးတစ်လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲက ဒီနေ့ထိ ဆက်လက် ပြင်းထန်နေတုန်းပဲ လေယာဉ်နဲ့ မနေ့ကပဲ ဗုံးအပြင်းအထန်ကျဲတာ ဒီနေ့တော့ မလာသေးဘူး။ မြေပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတုန်းပဲ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် ညနေ ၅ နာရီ ၅၂ မိနစ်တွင် တံတားဦးမှ ဆဌမအကြိမ်မြောက် တက်လာသည့် Jet Fighter ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်ဆီးမှု တချို့ရှိကြောင်း၊ ရေကြည်ဦးရွာသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မလည်ရွာ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူပိုင် နေအိမ် တချို့လည်း မီးလောင် ပျက်ဆီးခဲ့ကြောင်း၊ မလည်ရွာတိုက်ပွဲသည် ဆက်လက် ပြင်းထန်နေ၍ ခရီးသွားပြည်သူများ လမ်းကြောင်း လုံခြုံရေးအတွက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို တော်လှန်ရေး အင်အားစုများက စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ခေတ္တခဏ ယာယီပိတ်ထားပြီး အန္တရာယ်ကင်းစွာ သွားလာ၍ရချိန်၌ ပြန်လည်ဖြတ်သန်းခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article