29 C
Yangon

တောင်ကုတ်မြို့နယ်၊ ရွာမ ဗုံးကြဲခံရ၊ ၆ နှစ်သားကလေး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်| စက်တင်ဘာ ၂၅

ရခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို အာဏာသိမ်း စစ်ကောင်စီ လေတပ်က ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့၍ အရပ်သားများ သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါနေရာတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက သတင်းအရ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားနေထိုင်ရာ ရပ်ရွာများကို ဗုံးကြဲခြင်းဖြစ်သည်ဟု ရွာမဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲလည်းမရှိ ဘာမှလည်းမရှိဘဲ ဗုံးလာကြဲတာ။ ရွာမ ရွာသစ်ဈေးအနီးကို ဗုံးကျတယ်။ သားမိနှစ်ယောက် အမေက လက်ပြတ်သွားတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်က သေဆုံးသွားတယ်။ နောက်ထပ် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတယ်။ အခု ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ နောက်ထပ် ထိခိုက်သေဆုံးမှုတွေ ရှိမရှိ မသိရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီ ကြဲချသော ဗုံးများမှာ ရွာမ ရွာသစ်ဈေးအနီး နှစ်လုံးနှင့် ရွာမရဲစခန်းအနီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ နှစ်ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် အသက် ၃၀ အရွယ်အမျိုးသားမှာ ရဲစခန်းအနီး ကျရောက်သည့် ဗုံးကြောင်း သေဆုံးသွားခြင်းဖြစ်ပြီး အိမ်ထောင်သည် အမျိုးသားဖြစ်သည်။

တန်းလွဲဒေသ ရွာမကျေးရွာသည် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့် ဝေးပြီး ရွာမကျေးရွာတွင် အိမ်ခြေ ၅,၀၀၀ ကျော်ရှိကြောင်းနှင့် တောင်ကုတ်မြို့၏ မြို့ခွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

စစ်ကောင်စီ လာရောက် ဗုံးကြဲခြင်းမှာ ရွာမကျေးရွာအတွင်း AA တပ်သားများရှိသည်အထင်ဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း

အမည်မဖော်လိုသည့် တန်းလွဲဒေသခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” ရွာမက EPC ဝန်ထမ်း ၂ ဦးကို AA က ဖမ်းသွားပြီး မီတာခတွေကိုပါ သိမ်းသွားတယ်။ ဝန်ထမ်း ၂ ဦးတော့ ပြန်လွှတ်ပေးလိုက်တယ်။ မီတာခ ပိုက်ဆံတွေကိုတော့ ယူထားလိုက်တယ်။ မီတာခ ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်မသိဘူး။ အဲဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီက ရွာမမှာ AA ရှိတယ်ထင်ပြီး မနေ့ညက ဗုံးလာကြဲတာ” ဟု ပြောသည်။

လျှပ်စစ်အသုံးပြုခ မီတာကြေး မပေးဆောင်၍ဆိုပြီး တောင်ကုတ်မြို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က တန်းလွဲဒေသကို မီးဖြတ်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့သည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ရှိနေဆဲဖြစ်သည့် မြို့တစ်မြို့ဖြစ်ပြီး AA နှင့် စစ်ရေးတင်းမာနေသော မြို့တစ်မြို့လည်းဖြစ်သည်။

ကုန်ခဲ့သည့်လက တောင်ကုတ်မြို့အနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် မြို့စောင့်တပ်များသည် တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်တပ်စွဲနေရာယူထားကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံးကြဲခံရ၍ တောင်ကုတ်မြို့နယ် ရွာမကျေးရွာက ပျက်စီးသွားသော နေအိမ်များ။ (ဓါတ်ပုံ – Khin Maung Myint Oo)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article