27 C
Yangon

နေပြည်တော်၊ ဒက္ခိဏသီရိတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ သရက်မြို့နှင့်အင်္ဂပူမြို့နယ်တွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဝင်း ဦးဆောင်ပြီး လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မျက်မြင်ကြုံတွေ့ရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်း လိုက်ပါသော စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မာရဝိဇယျ ဘုရားဘက်အခြမ်းတွင် လမ်းများပိတ်၍ လူငယ်မှန်သမျှကို ဝင်ရောက် ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာတွင် လူငယ်နှင့်အမျိုးသားများကို တရားခံများ ဖမ်းဆီးသကဲ့သို့ လက်များ ခေါင်းပေါ် တင်ခိုင်းကာ ခြေထောက်ဖြင့် ကန်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒက္ခိဏသီရိ အုပ်ချုပ်ရေးမှူး နိုင်ဝင်း ရဲ့ မိန်းမ ပါပါတယ်။ လူငယ်နဲ့ အမျိုးသားတွေကို တရားခံတွေလို လက်‌တွေ ခေါင်းပေါ်တင် ခြေထောက်နဲ့ ကန်ကျောက်တာတွေ လုပ် ကြိမ်းဝါးနေကြတာ။ စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူဖမ်းတာလို့ ပြောတယ်။ ဖမ်းခံရပြီး ပါသွားတဲ့သူက ဖုန်းဆက်အသိပေးလာတာ” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ဖမ်းဆီးရရှိသူများထဲမှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်နှင့်အမျိုးသားများကို ဖမ်းဆီးပြီး အသက်ကျော်နေသူများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ သရက်မြို့မြောက်ဘက် ၇ မိုင် စစ်တပ်စစ်ဆေးရေးဂိတ်တွင်လည်း လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် သရက်မြို့နယ်၊ ပြည်တော်အေးရပ်ကွက်တွင် အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ ၃၀ ရက်နေ့ညပိုင်းတွင် လူငယ်များကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ပိတောပင်ကျေးရွာက ပျူစောထီးတွေက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တယ်။ မနေ့ညနဲ့ တစ်နေ့ညက ပြည်တော်အေးရပ်ကွက်ထဲဝင်ပြီး လူငယ်တွေကို ပေါ်တာဆွဲတယ်။ စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူမပြည့်လို့ဆိုပြီးတော့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသတွင်လည်း နွားခြံအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ကိုဌေးနှင့် ရာအိမ်မှူး မောင်မောင်လေး၊ ပျူစောထီးခေါင်းဆောင် သိန်းဇော်တို့က စစ်မှုမထမ်းလိုပါက လူငယ် ၁ ဦးလျှင် ငွေကျပ် ၂ သိန်းခွဲပေးရမည်ဟုဆိုကာ ငွေကြေးကောက်ခံနေကြောင်း၊ မပေးလျှင် စစ်တပ်ထဲ ခေါ်ဆောင် ထည့်သွင်းမည်ဟုဆိုကာ ခြိမ်းခြောက်၍ ငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article