32 C
Yangon

ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်၊ ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော သတ်ဖြတ်မှုကို ကုလလုံခြုံရေးကောင်စီတွင် တင်ပြပြီး ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်းသတိပေး

Must read

ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်၊ ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော သတ်ဖြတ်မှုကို ကုလလုံခြုံရေးကောင်စီတွင် တင်ပြပြီး ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်းသတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော သတ်ဖြတ်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြလိုက်ပြီး ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေးလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း​ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများအနက် တချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ကြောင်း၊ တချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရ ကြောင်း၊ ချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လည်း ပြန့်ကျဲနေကြောင်း၊ ဤဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်း ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မေ့လျော့၍ မရ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၄ နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေကြောင်း၊ မိမိတို့၏ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရ၊

နိုင်ငံ တကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင် နေရသည်နှင့်အမျှ အရပ်သာပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တိုးမြှင့် လုပ်ဆောင် လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကျဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသောကြောင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်း တို့ကို ဖြစ်ပေါ်စေကြောင်း

စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူး အရေးပါကြောင်း၊ ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း၊ လုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့် ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီခွဲဥက္ကဋ္ဌ နှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့နှင့် အပြန် အလှန် ဆွေးနွေးမှုအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်း စစ်တပ်က ဆက်တိုက် လုပ်ဆောင်နေသော ကျူးလွန်မှုများနှင့်ပတ်သက်၍ ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက် ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံ သတိပေးပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article