25 C
Yangon

အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။ ကျနော်တို့ကတော့ တပ်တွင်းသတင်းရင်းမြစ်အရ ဒီကောင်တွေက ပြေးတာ မြန်တယ်လေ။ သူတို့တွေ ဆက်သွယ်မှု ပြတ်တောက်သွားပြီ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားပြီ လုံးဝ အဆက်အသွယ်မရတော့ဘူးဆိုတာကို ကြည့်ပြီးတော့ ကျနော်တို့က အတည်ပြုရခြင်းပဲ ဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်အခြေစိုက် တပ်မိသားစုဝင်တစ်ဦးကမူ အောက်တိုဘာလ ၂၅ ရက်နေ့ အထိ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ ၎င်းတို့သားဖြစ်သူ တပ်ကြပ်ကြီးစာရေးနှင့် အဆက်အသွယ် ရရှိကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး ခက်ခဲခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ ဆက်သွယ်၍ လုံး၀ မရတော့ကြောင်း၊ ပြင်ပတွင် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးပြီဆိုသော သတင်းများ တက်နေသဖြင့် နေပြည်တော်ရှိ တပ်အရာရှိကြီးတချို့ ထံ ဆက်သွယ်မေးမြန်းရာ မှတ်ချက်ပေးခြင်းမရှိဟုဆိုသည်။

နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်တစ်ခုကမူ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA၏ အ၀ိုင်းခံထားရသည်မှာ ကြာမြင်ခဲ့ပြီဖြစ်ပြီး လက်ရှိ နောက်ဆုံးအခြေအနေကို ပြောရန် ခက်ခဲကြောင်း၊ ဆက်သွယ်ရေး ပြတ်တောက်ရုံဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျသွားပြီဟု ပြော၍ မရနိုင်ကြောင်း ပြောဆိုသည်။

“အမ်း နပခက အတိုက်ခံနေရတာ လပိုင်းတောင် ရောက်တော့မယ်။ အ၀ိုင်းခံ အတိုက်ခံနေရတာတော့ ရက်ကြာနေပြီ။ ဒါပေမယ့် ဆက်သွယ်ရေး ပြတ်တောက်ရုံနဲ့တော့ နပခ ကျပြီလို့တော့ ပြောလို့မရနိုင်သေးဘူး။ ကျနော် သိသလောက်တော့ အမ်းဘက်ကို မနေ့ညပိုင်းအထိ လေကြောင်းပစ်ကူတွေ သွားနေတဲ့ အစီအစဉ်ဇယားတွေရှိနေသေးတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

လက်ရှိ ရခိုင်ပြည်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိမနေဘဲ စစ်တွေမြို့တွင်သာရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအားလုံးလည်း စစ်တွေမြို့တွင်သာ ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက် အတည်ပြုပြောဆိုသည်။

“ဝန်ကြီးချုပ် ဦးထိန်လင်းရော၊ တိုင်းမှူးရောက စစ်တွေမှာပဲရှိတာပါ။ အမ်းမှာ တိုင်းမှူး မရှိပါဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း AA ဘက်က တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။

ဓာတ်ပုံ – စစ်တွေတွင်ရှိနေသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး။ (ယခုနှစ် စက်တင်ဘာလအတွင်းဓာတ်ပုံဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တွေတွင်ရှိနေသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး။ (ယခုနှစ် စက်တင်ဘာလအတွင်းဓာတ်ပုံဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article