ရန်ကုန်၊ အောက်တိုဘာ ၃၀
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး စစ်ကြောင်းတွင် ရုရှားနိုင်ငံသား ကြေးစား စစ်သား တချို့ပါဝင်ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာအနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မွန်းလွဲ ၃ နာရီအချိန်မှ စ၍ ည ၁၀ နာရီအထိ ဒရုန်းဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ ယင်း စစ်ကြောင်းတွင် ရုရှားနိုင်ငံသား ကြေးစား စစ်သားတချို့ ပါဝင်သည်ဟု သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အဲဒီ စစ်ကြောင်းမှာ ကြေးစား စစ်သား ရုရှားနိုင်ငံသားတွေပါတယ်လို့တော့ သိထားရတယ်။ အတိအကျ မဟုတ်ပေမယ့် ၅ ဦးလို့တော့ ကြားထားတယ်။ မှတ်တမ်း ဓာတ်ပုံတွေတော့ မရဘူးသေးဘူး။ နောက်ပြီး စလင်းမြို့နယ်ထဲက ပျူစောထီးတွေ ရဲတွေနဲ့ ခလရ ၂၅၃ ၊ ၂၅၄ နဲ့ ၂၅၅ က စစ်သားတွေလည်း ပါတယ်။ တပ်မ ၁၈ လက်အောက်ခံ မင်းဘူးမြို့တပ်ရင်းကလည်းပါတယ်။ ကပစ၂၁ ကလည်း ပါတယ်လို့ သိရတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း နှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် ( ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စလင်းချောင်းမြောက်ဘက်ကျေးရွာများကို ဦးတည်၍ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် စလင်းမြို့နယ်အတွင်းရှိ ပြည်သူများ အထူးဂရုစိုက် နေထိုင်ကြရန် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar