ရန်ကုန်၊ နိုဝင်ဘာ ၁
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီ အချိန်မှာ စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ MIG 29 ဂျက်ဖိုက်တာတစ်စီးက ပေါင် ၂၅၀ ဗုံးသီးနှစ်လုံးနဲ့ ညသန်းခေါင်အချိန်ကြီးမှာကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနစ်ဆယ်ကျော် အမျိုးသားတစ်ဦး၊ မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ထိခိုက်ဒဏ်ရာရတဲ့သူ ၄ ဦးစလုံး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။
” ကျနော်တို့ ယောဒေသက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်ခံနေရတယ်ဗျ။ ခုဆောမှာက သေဆုံးသူမရှိပေမယ့် နေအိမ်ပျက်စီးမှုက တော်တော်ဆိုးတယ်” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ ကံချောင်းကျေးရွာက နေအိမ် ၁၀ လုံးထိမှန်ခဲ့ပြီး နေအိမ် ၆ လုံးကတော့ လုံးဝပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆောမြို့နယ်၊ ပန်းဆန်ကျေးရွာက အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်း၊ ယောဒေသရှိ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ် သုံးမြို့နယ်လုံးကို အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ထီးလင်းမြို့နယ် ၊ အိုင်းမကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ၂၂ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ ထီးလင်း၊ ညောင်ရွာနဲ့ အကြည်ဘမ်းရွာကြားကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ၊ ထီးလင်း၊ ကျင်းရွာကို လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ဦး သေဆုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုအမျိုးသမီး ၁ ဦးနဲ့ ခုနစ်လသားအရွယ် ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့မှာပဲ စစ်ကောင်စီဟာ ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်း ရေရှင်မကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း လာပို့ရွာနဲ့ ဘော်ပြင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဘော်ပြင်းရွာကိုရောက်နေတဲ့ YPDF ရဲဘော်နှစ်ဦးကျဆုံးပြီး အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar