25 C
Yangon

MNDAA သိမ်းပိုက်ထားသော အထူးဒေသ ၁ တွင် ၄ လအတွင်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အရပ်သား ၃၈ ဦးနှင့် စစ်သုံ့ပန်း ၅ ဦးသေဆုံးပြီး ၁၂၄ ဦးဒဏ်ရာရ ၊ ကွတ်ခိုင်မြို့တွင်လည်း ယနေ့ နံနက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော အထူးဒေသ ၁ အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ၄ လတာ ကာလအတွင်း အရပ်သား ၃၈ ဦးနှင့် စစ်သုံ့ပန်း ၅ ဦးသေဆုံးပြီး ၁၂၄ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ စစ်ကောင်စီက အထူးဒေသ ၁ တွင် စစ်ရေးပစ်မှတ်မဟုတ်သော နယ်မြေများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကြိမ်ကျော် ပြုလုပ်ခဲ့ရာ အရပ်သား ၃၈ ဦးထက်မနည်း သေဆုံးရကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သုံ့ပန်း၅ ဦးဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးကြရကြောင်း သိရှိရသည်။

စစ်မြေပြင်တွင် ရှုံးနိမ့်ရသည့်အခါတိုင်း ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်ခြင်းသည် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပုံရကြောင်း၊ လားရှိုးစစ်ပွဲတွင် မကြာခဏ ရှုံးနိမ့်မှုများကြောင့် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများသို့ ဗုံးကျဲတိုက်ခိုက်ရန် တိုက်လေယာဉ်များကို အဆက်မပြတ် စေလွှတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ခံရသည့် ဧရိယာများမှာ အထူးဒေသ၏ မြို့တော် လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ကြောင်း သိရှိရသည်။

လားရှိုးမြို့သည် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်ရေး ပစ်မှတ်များထဲမှ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး လူစုလူဝေးရှိသော စာသင်ကျောင်း၊ ဆေးရုံ၊ အခြေခံအဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးရန် ကြိုးပမ်းမှုမှာ လူများ၏ အသက်မွေးဝမ်းကျောင်း တည်ဆောက်မှုကို ဖျက်ဆီးပြီး ဒေသခံများ မွေးရပ်မြေသို့ မပြန်ကြရန်နှင့် လုပ်ငန်းပြန်စရန် အဆက်မပြတ် ခြိမ်းခြောက်တားမြစ်လျက် ရှိကြောင်း သိရှိရသည်။

ယခုနှစ် အောက်တိုဘာလတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုး၊ လောက်ကိုင်၊ သိန္နီနှင့် အခြားဒေသများတွင် ခွဲခြားမှုမရှိသော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြပြီး လားရှိုး ရပ်ကွက် ၁ ရှိစေတီတော် နှင့် ရပ်ကွက် ၅ ကွမ်ရင်မယ်တော်ကျောင်းကဲ့သို့ သမိုင်းဝင် ဘာသာရေး အဆောက်အဦများကို ဗုံးကျဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုက်ပွဲများမရှိသော်လည်း မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးအပါအဝင် အထူးဒေသ ၁ ဧရိယာတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး ၅၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံး ၂၀၀ ကျော် ကြဲချခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်တွင် အရပ်သား ၃၈ ဦး သေဆုံးပြီး ၁၂၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ရာ အခြားစစ်သုံ့ပန်း ၅ ဦးလည်း လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း၊ ဖျက်ဆီးခံရသော အိမ်များ၊ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ စက်ရုံများနှင့် ဘုရားကျောင်းများကဲ့သို့သော မရေမတွက်နိုင်သော အများသူငှာ အဆောက်အအုံများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုမှာ တိုင်းတာ၍ မရနိုင်ကြောင်း MNDAA က ဆိုသည်။

ထို့အတူ ယနေ့ နံနက် ၃ နာရီ ၂၈ မိနစ်အချိန် ၊ နံနက် ၃ နာရီ ၃၃ မိနစ်အချိန်၊ နံနက် ၃ နာရီ ၃၈ မိနစ်အချိန်တို့ စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်

၃ ကြိမ် ကွတ်ခိုင်မြို့ကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက် ၂ အတွင်းရှိ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ) ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင့် ယူကလစ်တောအနီးတိုတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် သြဂုတ်လ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကွတ်ခိုင်မြို့ရှိ မြိုမစျေးတွင် လေကြောင်း ၄ ကြိမ် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ မြိုမစျေးဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article