ရန်ကုန်၊ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အမှတ် ၈ ရပ်ကွက်တွင် ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့ ၂ ဦးကို တော် လှန်ရေးဘက်တော်သားများဖြစ်သည်ဟုဆိုကာ စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း ၎င်းတို့၏မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ အကြမ်းဖက်စစ်တပ်က တော်လှန်ရေးအဖွဲ့များကို ထောက်ခံသူများဟု ဆိုကာ ကိုပိုင်ရှိုးနှင့် မနွေးနွေးထွေးတို့ကို ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ရွှေဘိုဆိပ်ခွန်သွားကားလမ်းဘေး အောင်ချမ်းသာစျေးထိပ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသော ကိုပိုင်ရှိုင်းနှင့် မနွေးနွေးထွေးတို့သည် စောင်တန်းရွာမှ ပြည်သူများ ဖြစ်ကာ ယက်ကန်းလုပ်ငန်းနှင့် ချည်ထည်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း သိရှိရသည်။
“မိသားစုနဲ့ အဆက်သွယ်ပြတ်နေပြီ။ စစ်ကောင်စီရဲစခန်းနဲ့ အမှတ်၈လေ့ကျင့်ရေးကိုသွားရောက်တွေ့ခွင့်တောင်းပေမယ့်လည်း တွေ့ခွင့်မပေးဘူး။ အဖမ်းခံရသူနှစ်ဦးက အတူသွားလို့ အဖမ်းခံရတာမဟုတ်ဘဲ မနွေးနွေးထွေးက အရင်ဖမ်းခံရတာ။ သူ့ဖုန်းစစ်ပြီး အရင်ဆုံးတွေ့တဲ့ ဖုန်းနံပါတ်ပိုင်ရှင် ကိုပိုင်ရှိုင်းကို ဖုန်းဆက်ခေါ်ခိုင်းပြီး ကိုပိုင်ရှိုင်းကို ထပ်ဖမ်းတာ” ဟု မိတ်တွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးခံရသူ ၂ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့သို့ အထည်သွားအပို့တွင် ရွှေဘိုဆိပ်ခွန်ကားလမ်းဘေး အောင်ချမ်းသာစျေးထိပ်ရှိ အကြမ်းဖက်စစ်တပ်ပတ်ကင်းနှင့် တွေကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဖုန်းထဲတွင် PDF ကို ဆက်သွယ်သည့် စာတွေ့၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၂၆ရက်နေ့တွင်ပင် ရွှေဘိုမြို့တွင် စစ်ရှောင်နေထိုင်ရင်း ယက်ကန်းအထည်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဆင်အင်းရွာမှ အမျိုးသမီး ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း၊ အဆိုပါ အမျိုးသမီးများကိုမူ ကျပ်သိန်း ၁၀၀ တောင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
” စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံရတဲ့ အမျိုးသမီးတွေက ဆင်အင်းရွာက။ ရွှေဘိုမြို့ပေါ်မှာ စစ်ရှောင်ရင် ယက်ကန်းချည်ထည်ရောင်းဝယ်ရေးလုပ်ကိုင်နေတာ သုံးနှစ်လောက် ရှိပြီ။ အောက်တိုဘာ ၂၆ ရက်နေ့က ရွှေဘို ကန်တော်ကြီး မြောက်ဘက်ရွာက အထည်ဝယ်ယက်ကန်းသည် ခေါ်ပြီးအပြန်မှာ ရွှေဘို ကန်တော်ဂိတ်က အကြမ်းဖက်စစ်တပ်နဲပျူတွေက အမှတ်၈လေ့ကျင့်ရေးတပ်ကို ဖမ်းသွားတာ။ ငွေသိန်း တစ်ရာနဲ့ ရွေးပြီးတော့ ပြန်လွတ်လာတယ်လို့သိရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ – စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော မနွေးနွေးထွေး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar