29 C
Yangon

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

Must read

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းလိုက်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကအထက်ပါတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများ ကျူးလွန်နေ သည့် စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ် ခွင့်ကို ဆယ်စုနှစ်များစွာ အကျိုးခံစားလာပြီးဖြစ်၍ ၎င်းတို့အား ဥပဒေရှေ့မှောက်တွင် ချွင်းချက်မရှိ တာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊ လူမဆန်သော စစ်အုပ်စုထံသို့ လက်နက်များနှင့် အထောက်အပံ့များ ဆက်လက် ပေးအပ်လျက် ရှိသော နိုင်ငံများ ကိုလည်း ထိုသို့ ဆက်လက်လုပ်ဆောင်နေခြင်းက ကြောက်လန့် ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ခွင့်ပြုရုံသာမက အပြစ်မဲ့ပြည်သူ များ၏ အသက်ဆုံးရှုံးမှု ကိုပါ တိုက်ရိုက် ပါဝင်အားဖြည့် ပေးနေခြင်းဖြစ်ကြောင်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ပြဿနာကို ဖြေရှင်းပေးရာမရောက်ဘဲ ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု သံအမတ်ကြီးက ပြောဆိုသည်။

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ၊ ငွေကြေး စသည့် ထောက်ပံ့မှု များအား ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူများကိုကာကွယ် စောင့်ရှောက်မှုများကို ပေးအပ်နိုင်ပြီး၊ မိမိတို့မှ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် အကူအညီဖြစ်စေသည်သာမက အပြစ်မဲ့ပြည်သူများ၏ အသက် များအား ကယ်တင်ပေးရေးအတွက် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဖြစ်စဉ်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ဆိုးရွားစွာ မြင့်တက် လာခြင်းကို လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် မှန်ကန်စွာ ဖော်ပြထား ကြောင်း၊ ပြီးခဲ့သော (၄၅) လတာ ကာလအတွင်း၌ စစ်အုပ်စုအနေဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း မှသည် တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တားဆီးဟန့်တားခြင်း၊ လူငယ် များအား အတင်းအကျပ် တပ်းသားစုဆောင်းခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းအထိ ၎င်းတို့၏ အကြမ်းဖက် မှုများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ပြည်သူများကို ဒုက္ခဆင်းရဲ ခံစား စေပြီး အလုံး အရင်း ဖြင့် နေရပ်စွန့်ခွာမှုကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

ယင်း ကျူးလွန်မှုများကြောင့် ပဋိပက္ခ ပိုမို ကြီးထွားလာပြီး လူသားချင်းစာနာထောက်ထား မှု အကျပ်အတည်းကိုလည်း ပိုမို ဆိုးရွားစေခဲ့သည့်အပြင် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ရိုဟင်ဂျာများ၏ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လည်သွားရောက်ခြင်းကို အဟန့်အတား ဆက်လက် ဖြစ်ပေါ်စေကြောင်း၊ထို့ပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် စစ်ရာဇဝတ်မှုမှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများမြောက်ကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများမှာ အမျိုးသမီး များ၊ မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ ရိုဟင်ဂျာများနှင့် အခြားသော ဖယ်ကျဉ်ခံ ထားရသည့် အုပ်စုများအပေါ် အချိုး မညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ၌လည်း ကြီးလေးသော နောက်ဆက်တွဲ ဆိုးကျိုးများ ရိုက်ခတ်လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့ အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော၊ အဓိပ္ပါယ် ပြည့်ဝသော၊ အချိန်ကိုက်သော အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အထပ်ထပ် အခါခါ ပျက်ကွက်နေခြင်းက မိမိတို့၏ ပြည်သူများကို စိတ်ပျက်စေပြီး မြန်မာပြည်သူများအပေါ် ပျက်ကွက်နေခြင်း မည်ကြောင်း သံအမတ်ကြီးက ဝေဖန်ထောက်ပြ ပြောဆိုသွားသည်။

ကုလသမဂ္ဂအနေဖြင့် လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာ ပြည်သူများ၏ အသက်များ ဆုံးရှုံးနေခြင်း၊ မိသားစုများ ကွဲကွာနေရခြင်း စသည့် အလွန် ကြေကွဲဖွယ်ရာ ကောင်းသော ပကတိအခြေအနေများကို တာဝန်ယူမှုရှိစွာဖြင့် အလေးထား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့ အနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုသာမက မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရာတွင် ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ၊ ငွေကြေး စသည့် ထောက်ပံ့မှုများအား ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူများ ကို ကာကွယ် စောင့်ရှောက်မှုများကို ပေးအပ်နိုင်ကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article