တရုတ်ပြန် မင်းအောင်လှိုင်၏ လားရှိုးနှင့်ရမခ ကို ပြန်သိမ်းယူရေး “ရန်နိုင်မင်း” စစ်ဆင်ရေးရည်မှန်းချက် ပိုမိုခိုင်မာလာနေ
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး တရုတ်အစိုးရက တရားဝင် ငြင်းပယ်လိုက်ပြီး ဖုန်တာရွှင်သည် တရုတ်နိုင်ငံတွင် ဆေးကုသမှု ခံယူနေကာ ပြန်လည်သက်သာ ကျန်းမာစေရန် လုပ် ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Lin Jian က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့ အရင် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး ပြန်လည်သက်သာ ကျန်းမာလာစေဖို့ လုပ်ဆောင်နေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Lin Jian က ရှင်းပြသည်။
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းများထွက်ပေါ်လာချိန် နေပြည်တော်တွင်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ် ဌာန ချုပ်ကို ပြန်လည် သိမ်းယူရန် လုပ်ဆောင်နေသော “ရန်နိုင်မင်း” စစ် ဆင်ရေး ရည် မှန်းချက်မှာ အပြောင်းအလဲ မရှိဘဲ ပိုမိုခိုင်မာလာကြောင်း၊ တရုတ်မှ ပြန် လာပြီးနောက် မင်းအောင်လှိုင်က ရန်နိုင်မင်း စစ်ဆင်ရေးဆိုင်ရာ စီမံခန့်ခွဲရေး ၊ စစ်ရေး ကွပ်ကဲမှုများတွင် ပိုမိုထဲထဲဝင်ဝင် ပါဝင် စီမံခန့်ခွဲလာနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
“တရုတ်က ပြန်လာပြီးတဲ့နောက်မှာ တပ်ချုပ်အနေနဲ့ လားရှိုးနဲ့ ရမခနဲ့ ရှမ်းမြောက် မှာရှိတဲ့ မြို့တော်တော်များများကို ပြန်သိမ်းဖို့ ယုံကြည်ချက် ပိုရှိလာတဲ့ အနေအထား မြင်တွေ့ရပါတယ်။ တရုတ်နဲ့လည်း ပိုပြီးတော့ ဆက်ဆံရေးလမ်း ကြောင်းတွေ ဖွင့်ပြီးတော့ လုပ် ဆောင်လာတာမြင်ရတယ်။ တကယ်တမ်း လားရှိုးကို ပြန်သိမ်းဖို့ တိုက်ပြီဆိုရင် တရုတ်ကို အကြောင်းကြားပြီး တိုက်မယ့် အနေအထားလို့ သုံးသပ်လို့ရပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
စက်တင်ဘာလအတွင်း စတင်ခဲ့သော ရန်နိုင်မင်း စစ်ဆင်ရေး၏ ပထမအဆင့်အနေဖြင့် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန် အဟုန်မြှင့် လုပ် ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများတွင် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့များ ပုံမှန် ပြန်လည် လည် ပတ်နိုင်ခြင်းမရှိတော့၍ ရန်နိုင်မင်း စစ်ဆင်ရေး၏ ပထမအဆင့် အောင် မြင်သည်ဟု စစ်ကောင်စီဘက်က သုံးသပ်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များသိမ်းပိုက်ထား သော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ရာ လားရှိုး၊ နောင်ချို၊ ကွတ်ခိုင် စသည့် ရှမ်းမြောက်ဒေသများ၊ ကရင်နီ၊ ကချင်၊ စစ်ကိုင်းတိုင်းတို့တွင် ပြည်သူ ပေါင်းများစွာ သေဆုံးခဲ့ရပြီး နေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar