ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးနေကာ ရွာပတ်လည်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်မှစ၍ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းတိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကုက္ကိုကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များကို စတင်မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာ ပတ်လည်ကိုလည်း ၆၀ မမ ဗုံးသီးများဖြင့် ဆက်တိုက်ကျဲချ တိုက်ခိုက်နေကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းဆီးခံရတာရှိမရှိတော့ မသိသေးဘူး။ စစ်ကြောင်းက တောက်လျောက်ထိုးနေတာဆိုတော့ အတည်မပြုနိုင်သေးဘူး။ နောက်ပြီး ရွာပတ်လည်ကို ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကျွန်းလှမြို့မှ ထွက်လာသည့် ကား ၃ စီးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကံပေါက်ရွာကို ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။
Photo – ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar