အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိ၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းပိုင်း တစ်နေရာတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၂ လက် နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီး ရမိသော စစ်သုံ့ပန်းများကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် တိုက်ပွဲအတွင်း တပ်ပျက်၍ တကွဲတပြား ထွက်ပြေးလျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်သည် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” ဦးလည် မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။