33 C
Yangon

အုတ်ဖိုတွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဟု သတိပေး၊ WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေ

Must read

အုတ်ဖိုတွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဟု သတိပေး၊ WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ နှင့် ပျူစောထီးများကို ဆက်ကြေးပေး၍ မူးယစ် ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ ကျောင်းသား၊ ကျောင်းသူများ လူငယ်များကို တွင်တွင်ကျယ်ကျယ် ပစ်မှတ်ထား ရောင်းချနေပြီး WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းချသူများကို ပြည်သူများက ဖမ်းဆီးအရေးယူပေးရန် တိုင်ကြားသော်လည်း စစ်ကောင်စီ တပ်သားများ အရေးယူခြင်းမရှိကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများက တော်လှန်ရေး အဖွဲ့အစည်းများကို တိုင်ကြားမှု ပိုမို များပြားလာပြီး PDF တပ်ဖွဲ့ဝင်များကိုပါ မူးယစ်ဆေးဝါးသုံးစွဲရန် မြူဆွယ် လာသောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အုတ်ဖိုမှာလည်း ဆေးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်။ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေကို ရှေ့တန်းလွှတ်ရင် အဲ့ဆေးတွေသုံးခိုင်းပြီး ရှေ့တက်ခိုင်းတော့ ကြောက်စိတ်မရှိဖြစ်တာတွေ့ရတယ်။ ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထားပြီး အလကားပေး မြူဆွယ် သုံးစွဲခိုင်းတာတွေ ထိပါလုပ်လာတယ်။ မူးယစ်ဆေး ရောင်းချတဲ့ သူတွေက စစ်ခွေးတွေကို ဆက်ကြေးပေးပြီး လုပ်နေတော့ ဆေးရောင်းသူတွေကို တိုင်ဖို့ ခက်ခဲနေကြတာပေါ့။ ပြည်သူလူထုက ကျွန်တော်တို့ဆီ ခဏခဏလာတိုင်နေတာ အခုနောက်ပိုင်း ဆေးရောင်းတဲ့သူတွေက ကျွန်တော်တို့ PDF ရဲဘော်တွေပါ ဆေးသုံးဖို့ မြူဆွယ်လာတဲ့အထိ ဆိုးရွားလာလို့ အရေးယူဖို့စာထုတ်ရတာပါ။ ကျွန်တော်တို့ရဲဘော်တွေကို အရက်သောက်ခွင့်တောင် တားမြစ်ထားတာ မူးယစ်ဆေးသုံးတာမျိုးဆို ကြီးလေးတဲ့ပြစ်ဒဏ်ပေးမယ်ပြောထားကြလို့ ဘယ်သူမှတော့ ဆေးသုံးတာမရှိကြဘူး။ မူးယစ်ဆေးသုံးသူတွေကို အရင်ကအရေးယူဖို့လက်ရှောင်ခဲ့ပေမယ့် ခုကတော့ စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားပါမယ်။ သူတို့က ကျောင်းသား လူငယ်တွေကို ပစ်မှတ်ထားပြီး အလကားပေး မြူဆွယ်ကြတယ်။ အဲ့လိုအလကားပေးပြီးရင် WY ၁ လုံးကို ၅၀၀ ကနေစပြီး ရောင်းတော့တာ ကျောင်းသားလူငယ်တွေအချင်းချင်းလည်း ပြန်ပြီး ဖြန့်ခိုင်းတော့ မူးယစ်ဆေးဝါးတွေက ထိန်းမနိုင်အောင်ဖြစ်လာပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

အုတ်ဖိုမြို့နယ် အတွင်းရှိ ပြည်သူများသည် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသူများကို အရေးယူပေးရန် သတင်းပေးတိုင်ကြားမှုများကို အလေးထား၍ လည်းကောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ၏ အနာဂတ် မပျက်စီးစေရန် လည်းကောင်း၊ မူးယစ်ဆေးဝါး ဖြန့် ဖြူး ရောင်းချသူများကို စစ်ကောင်စီ ဒေါက်တိုင်များနှင့် တန်းတူ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချသူများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အထူး အသိပေးလိုကြောင်း ရဲဘော်ဒူးယား က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article