27 C
Yangon

ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်

Must read

ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်နိုင်ခဲ့ကြောင်း က ရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ၁ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ကရင်နီပြည်တွင် လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး မဏ္ဍိုင်တစ်ခုဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ပြည်သူလူထု၏ ဥပဒေပါ အခွင့် အရေးများ ရရှိစေရန်၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ တရားရေးဌာနတွင် ဌာနရုံး၊ စီမံ/ဘဏ္ဍာဌာနခွဲ၊ ဥပဒေရေးရာကြီးကြပ်မှု ဌာနခွဲ၊ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည် ထူထောင်ရေးဌာနခွဲတို့ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်များ၊ ရဲစခန်း အချုပ်ခန်းများကိုလည်း ထူထောင်ခဲ့ပြီး တရားရေးဌာနသည် ၁ နှစ်စ်အတွင်း ရာဇဝတ်ကြီးမှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ လတ်တလော ၂၆ မှု ပြီးပြတ်ထားကြောင်း၊ အဆိုပါ ရာဇဝတ်ကြီးမှု ၇၁ မှုတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ စွဲဆိုသည့် အမှု ၂၀ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ စွဲဆိုသည့် အမှု ၄၁ မှု၊ မတရားအသင်း အက်ဥပဒေအရ စွဲဆိုသည့် အမှု ၁ မှု၊ လူသတ်မှု ၂ မှု နှင့် ရာဇသတ်ကြီးအရ စွဲဆိုသည့်အမှု ၇ မှုတို့ ပါဝင်ကြောင်း၊ ထို့နောက် အကြမ်းဖက်တိုက်ဖျက်ရေးအမှု ၁၀ မှု၊ မူးယစ်ဆေးဝါးအမှု ၁၀ မှု၊ မတရားအသင်းအမှု ၁ မှု နှင့် ရာဇသတ်ကြီး အမှု ၅ မှု တို့ကို ပြီးပြတ်သည်အထိ အရေးယူဆောင်ရွက်ထားခဲ့ပြီး လူသတ်မှု ၂ မှုမှာမူ မပြီးပြတ်သေးကြောင်း သိရှိရသည်။

တရားရေးဌာနတွင် လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်ကြီးမားခြင်း၊ လုံခြုံရေးအရ စိန်ခေါ်မှု ကြီးမားခြင်းတို့ကြောင့် လိုအပ်ချက်များစွာရှိကြောင်း၊ သို့ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးများ ရရှိရေး ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ကရင်နီပြည် အကျဉ်းထောင် ၁ ကို စစ်ဆေးနေကြစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article