မြင်းခြံရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီး၊ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီးကာ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် အစောပိုင်းတွင် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို တိတ်တဆိတ် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၆၀ အရွယ် အမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းရှိ ကုက္ကဲရဲစခန်း အနီး ရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြင်ဆင်ပြီး ပဒေသာမိုင်းအတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့က မနက်ခင်းက ခွေးစစ်ကြောင်းက အင်အား ၆၀ ကျော်လောက်နဲ့ ရွာထဲကို တိတ်တဆိတ်ကို ခိုးဝင်လာတာ သူတို့ဝင်လာတဲ့ အချိန် ရွာထဲက နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တယ်။ သူတို့ဝင်လာတာသိတော့ ပြေးတဲ့သူက ပြေးကျတာပေါ့။ အဲမှာ မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးပေါ့။ အဲမျိုးသမီးက လေဖြတ်ထားဖူးတော့ သိပ်မသန်ဘူး။ သူ့ကို ပစ်သတ်သွားတာ ဖမ်းဆီးခံရတဲ့ သူတော့မရှိပါဘူး။ ရွာကို မီးရှို့သွားတယ်။ ဘာအကြောင်းမှလည်းမရှိဘဲနဲ့ ရွာကို ဝင်ရောက် ဖျက်ဆီးတာ ၂၅ အိမ်လောက်ပါသွားတယ်။ သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်ထွက်သွားပြီးတော့ ကျွန်တော်တို့ လိုက်စုံစမ်းတဲ့ အခါမှာ ခွေးစစ်ကြောင်းက ကုက္ကဲစခန်းထဲ ပြန်ဝင်တော့မယ်ဆိုတော့ သူဆို့ ရောက်တဲ့နေရာသိနေတော့ ကြိုပြီးစောင့်နေပြီးတော့ သူတို့က မိုင်းကွင်းထဲ ရောက်နေတဲ့ အခါမှာ အသေအပျောက်များသွားတယ်။ နေရာမှာပင် ၁၃ ဦး ကောင်သေတယ်။ ဒဏ်ရာရတဲ့ သူတွေတော်တော်များတယ်။ ခွေးစစ်ကြောင်းက အထိနာတော့ စက်လက်တွေပါ သုံးပြီး တိုက်ပွဲဖြစ်နေသလိုကို ပစ်ခတ်သွားတာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကဲရဲစခန်း အနီးရှိ ဒရောကြီးရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒရောကြီးရွာမှ ပြည်သူပိုင် နေအိမ် ပျက်စီးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကုက္ကဲရဲစခန်းထဲတွင် တပ်စွဲထားကြောင်း သိရသည်။