စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်း၊ ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ
ရန်ကုန်၊ ဒီဇင်ဘာ ၂
အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်းပြီး ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများက ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စစ်ဆေးမေးမြန်းထားသည့် ဗီဒီယိုကို Karenni Nationalities Defence Force က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး စစ်တပ်က WY ဆေးပြားများ သုံးစွဲခိုင်းခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခိုင်းကြောင်း စစ်သုံ့ပန်းများက ဝန်ခံပြောဆိုထားသည်။
“နေအိမ် မီးရှို့တာကတော့ ကြုံဖူးတယ်။ အိမ် မီးရှို့တာကတော့ သူတို့က ဒီအိမ်က မသင်္ကာဘူးဆို ရှို့တယ် များတယ်။ နေအိမ် အလုံး အရေအတွက်များတယ်။ ၅၀ ကျော် ၆၀ နီးပါး လောက် မကဘူးနဲ့ တူတယ်။ ကျွန်တော် ပန်းနီရောင် WY ဆိုတဲ့ဟာပဲ တွေ့တယ်။ အခုဆိုရင် တပ်စိတ် ၃ စိတ်လုံးက သုံးတယ်။ သူတို့ သုံးပြီးတော့ တိုက်ခိုင်းတယ်။ ရှေ့တိုးခိုင်းတယ်။ သူတို့ဘာသာ သူတို့ မရရအောင် ရှာကြံပြီးတော့ ဝယ်ကြတယ်။ တစ်သောင်းဖိုးကို ၃ ပြား၊ ၄ ပြား ကျွန်တော်လည်း မသိဘူး။ သူတို့ကိုယ်တိုင် တပ်စိတ်ဖွဲ့ပြီးတော့ လုပ်လည်းလုပ် ခွင့်လည်း ခွင့်ပြုထားတယ်။ လူကြီးတွေက အကြီးအကဲတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းတွေ ဘာတွေ မလွတ်တဲ့ဟာတို့ မြင်ကွင်းတွေ ဘာတွေ မလွတ်တဲ့ အိမ်တို့ ရှို့တယ်။ အဝတ်အစားတွေ ဘာတွေ တွေ့တဲ့ အိမ်တွေ ဒီလိုမျိုး လုပ်ခဲ့မိတာတွေ ခွင့်လွှတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။ အကြောင်းကြောင်းကြောင့်နဲ့ ဒါ လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိတွေကို အပြားသေးသေးလေးပေါ့။ WY လို့ ရေးထားပါတယ်။ ကင်းစောင့်ရင် အိပ်ချင်မှာစိုးလို့။ စိတ်ညစ်တဲ့အခါကျရင် လူလည်း လန်းတယ်။ အဲဒါကြောင့်မို့ သုံးတာ” ဟု စစ်သုံ့ပန်း ဖိုးထူးနှင့် မျိုးသက်မင်း တို့က ဝန်ခံပြောဆိုခဲ့သည်။
လက်ရှိချိန်တွင် စစ်မြေပြင်၌ ရောက်ရှိနေသော စစ်မှုထမ်း တပ်သားသစ်များနှင့် စစ်ကောင်စီ တပ်သားများသည် စိတ်ဓာတ်ကျဆင်းနေပြီး လူအများအပြား ထွက်ပြေးရန် စိတ်ဆန္ဒရှိနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အရာရှိများကလည်း ကျွန် ၁ ဦးကဲ့သို့ ခိုင်းစေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“အခုက ပြေးမယ့် လူက အတော်များကြတယ်။ စိတ်ဓာတ်တွေကျနေပြီ လုပ်ရကိုင်ရလည်း စိတ်မပါတော့ဘူး။ လုပ်တော့လည်း မတန်တဆလုပ်ရတယ်။ တစ်ခါတလေကျရင် အစားပျက် အသောက်ပျက်တွေ အဆင်မပြေဘူး။ သူငယ်ချင်းတွေကိုလည်း ခိုင်းတိုင်း နွားဖြစ်ခံပြီးတော့ မရုန်းချင်တော့ဘူး။ ကျွန် တစ်ယောက်အနေနဲ့ မလုပ်ပါနဲ့တော့ အဲဒါတော့ ပြောချင်တယ်ဗျ။ မိသားစုတွေနဲ့လည်း အမြန်ပြန်တွေ့ချင်တယ်။ ကျွန်တော် သတိလည်း ရတယ်။ ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်ဗျ။ စားရသောက်ရလည်း အဆင်ပြေပါတယ်” ဟု စစ်သုံ့ပန်း ဖိုးထူးက ပြောဆိုသည်။
ထို့ပြင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိများကလည်း လက်အောက်ငယ်များကို အသေခံ တိုက်ခိုက်ပြီး ၎င်းကိုယ်တိုင် တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်ကြောင်း၊ လက်အောက်ငယ်သားများကိုလည်း နောက်ပြန်ဆုတ်ခိုင်းခြင်းမရှိဘဲ ၎င်းကိုယ်တိုင် WY ဆေးပြားများ သုံးစွဲကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်ကတော့ တော်တော်များများ ကျတယ်။ ကျွန်တော် မကျေနပ်တာကတော့ဗျာ ဗိုလ်မှူးတစ်ယောက်ပဲ မကျေနပ်တာ။ ဘာလို့လဲဆိုတော့ သူ ခေါင်းဆောင်တစ်ယောက် ။ သူက ပထမကတည်းက စထွက်လာကတည်းက ဘယ်လိုပြောလဲဆိုတော့ ဘယ်လိုအခက်အခဲပဲ ရှိနေ ရှိနေ ငါ မင်းတို့ ရှေ့မှာပဲ ရှိမယ်။ တကယ့် တကယ် အစ်ကိုတို့ဘက်က လူတွေလည်း လာလည်း လာရော ဘယ်သူမှကို မသိလိုက်ဘူး နောက်ကို ဆုတ်သွားတယ်။ ၃ ယောက်လုံး။ ကျွန်တော်တို့ဘက်မှာ ရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲ ရှိတယ်။ ဗိုလ်ကြီးကတော့ တိုက်ပွဲ ကျသွားပြီ။ ကျွန်တော်တို့နဲ့ အတူတူပဲ။ ကျန်တဲ့လူက သေတဲ့လူက ၁၅ ၊ ၂၀ လောက်တော့ ရှိမယ်။ မနေ့က ဖြစ်တဲ့ ပုံစံက ဒါ သူ မပေးသင့်တဲ့ အမိန့်လေ။ သူကတော့ နောက်ဆုတ်တယ်။ ကျန်တဲ့ လက်အောက်ငယ်သားတွေကျတော့ မင်းတို့တွေ တစ်ယောက်မှနောက်မဆုတ်နဲ့ ခံပစ် ခံပစ်ဆိုပြီး သူ့ပါးစပ်က ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အထက် အရာရှိဆိုတော့ ကိုယ်ကလည်း ပြန်မပြောရဲဘူး။ သူ သေမှာကျတော့ ကြောက်တယ်။ မဆုတ်ခိုင်းဘူး။ ကျွန်တော်တို့ကို ဘယ်လိုပြောလဲဆိုတော့ မင်းတို့ ခံပစ် ခံပစ်ဆိုပြီး ပြောတယ်။ နောက်လှည့်ကြည့်တော့ သူက မရှိတော့ဘူး။ သူရယ် ဆေးတပ်သားရယ် နောက် သူ့ရဲ့ တစ်ယောက်ရယ် ပေါင်း ၃ ယောက် ။ ကျွန်တော်တို့ဘက်မှာ ရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲ ရှိတယ်။ အဲဒီဗိုလ်ကြီးကတော့ တိုက်ပွဲကျတယ်။ နောက် အဲဒီ ဗိုလ်မှူးကလည်း တစ်ခါတလေကျရင် သူကလည်း ဆေးသုံးတယ်” ဟု ဖိုးထူးက ပြောဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လွိုင်ကော်မြို့ အနီးတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဖြစ်ပွားသော တိုက်ပွဲ၌ စစ်သား ၄၀ ကျော်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်