ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နေရာ အများအပြားကို အကြမ်းဖက် စစ်တပ်က မီးရှို့နေပြီး လေယာဉ်ဖြင့် ဗုံးကျဲချ၍ မိသားစုဝင် တစ်ခုလုံး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဗန်းမော်မြို့ရှိ နေရာအနှံ့အပြားကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး လေယာဉ်ဖြင့်လည်း မြို့ပေါ်ကို ဗုံးကျဲ ချ၍ နေအိမ် ၁ လုံးထိမှန်ကာ မိသားစုဝင်အားလုံးသေဆုံးခဲ့ကြောင်း သိရသည်။
ဗန်းဗော်မြို့ပေါ်တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းကြောင့် စစ်ကောင်စီ တပ်သားများက ရမ်းကားနေခြင်းဖြစ်ပြီး လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗန်းမော်မြို့ နေရာတော်တော်များများ မီးလောင်နေတယ်။ လေယာဥ်နဲ့လည်း ဗုံးကျဲတာ အိမ်တစ်အိမ်ကို ထိမှန်ပြီး မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့သိရတယ်။ ပြည်သူသေဆုံးမှု အရေအတွက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်သားများ နှင့် ပန်းရံရွာမှ ပျူစောထီးများ အမှတ် ၈ လေ့ကျင့်ရေးတပ်၌ ရိက္ခာထုတ်ယူပြီး ပြန်လာစဉ် ရွှေဘို-ညောင်ပင်သာ လမ်းပိုင်းရှိ သပြေသာကျေးရွာနှင့် ဥရှစ်ကန်ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ပန်းရံရွာ ပျူစောထီး ခေါင်းဆောင်အောင်ကျော်နဲ့ အဖွဲ့က အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေ ကားအကြီး ၃ စီးနဲ့ စပါးရိတ်စက်တင်ကား အကြီး ၃ စီးတို့နဲ့ ရိက္ခာယူပြီး ပန်ရံရွာ ပြန်တာ အပြန်လမ်းမှာ သပြေသာရွာနဲ့ ဥရှစ်ကန်ရွာလမ်းဘေးက အိမ်တွေကိုမွှေနှောက် ယူပြီး မီးရှို့ထားခဲ့တာပါ။ စပါးရိတ်စက်တွေကို ပျူစောထီးရွာများ ဖြစ်တဲ့ မြင်းချင်ရွာ၊ ပန်းရံရွာ၊ သီးလုံးရွာ၊ ဇီးဖြူကုန်းရွာများကို ပို့ဆောင်သွားတယ်လို့သိရတယ်။ အခုလို ပို့ဆောင်မှုကြောင့် ပျူစောထီးရွာတွေနဲ့ နီးစပ်တဲ့ အခြားရွာတွေမှာ တောင်သူတွေက သူတို့ရဲ့ လယ်တွေကို ပျူစောထီးတွေ ရိတ်ယူမှာ စိုးရိမ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရွှေဘို-ညောင်ပင်သာ လမ်းပိုင်းသည် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ စိုးမိုးထားသော လမ်းပိုင်းဖြစ်ပြီး ကျေးရွာများနှင့်နီးစပ်သည့် ပြည်သူ့များ၏ လယ်ဧကများကို ပျူစောထီးများက သိမ်းဆည်းထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar