26 C
Yangon

သာယာဝတီနှင့် နတ်တလင်းရှိ ပဲခူးရိုးမအစပ်တွင် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် PDF တပ်ဖွဲ့က သတိပေး၊ ရိုးမပေါ် တက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

သာယာဝတီနှင့် နတ်တလင်းရှိ ပဲခူးရိုးမအစပ်တွင် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် PDF တပ်ဖွဲ့က သတိပေး၊ ရိုးမပေါ် တက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်နှင့် နတ်တလင်းမြို့နယ်ရှိ ပဲခူးရိုးမအစပ်တွင် အကြမ်းဖက် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလပိုင်းက စတင်ပြီး သာယာဝတီခရိုင်နှင့် နတ်တလင်းမြို့နယ် ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရိုးမအစပ်တွင် တပ်များဖြန့်ထားကာ စစ်အင်အားများဖြည့်တင်နေကြောင်း သိရသည်။

ထို့ပြင် ဖုန်းများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖြတ်တောက်ထားသောကြောင့် ပြည်သူများ အနေဖြင့် စစ်ကြောင်းလှုပ်ရှားမှု အခြေအနေကို ဂရုပြု နေထိုင်ကြရန် ထုတ်ပြန်ထားကြောင်း၊ မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်သုံးဆီများကို လိုက်လံ ပိတ်ဆို့နေပြီး ဆီဝယ်စာအုပ်များပါမှသာ ရောင်းချနေကြောင်း သိရှိရသည်။

“တယ်လီနောတွေ လုံးဝမရတော့ဘူး။ ရိုးမပေါ်က ပြန်ဆင်းတာ တချို့ရှိပေမယ့် စစ်ကြောင်းဖြန့်တက်နေတာ နတ်တလင်းအရှေ့ဘက် ရိုးမပေါ်ကို ဒီကနေ့ နံနက် ၁၁ နာရီလောက်မှာ စစ်ခွေး အပြည့်နဲ့ ကား ၃ စီး တက်သွားတယ်။ ကြို့ပင်ကောက်ဘက်မှာလည်း တပ်ဖြန့်ထားတယ်။ စစ်ခွေးတွေဘက်က တော်လှန်ရေးအဖွဲ့တွေ မြို့ဘက်ကို ဆင်းမလာအောင် ပိတ်ထားနေတဲ့ပုံစံ ရိုးမပေါ်က ဆင်းတဲ့လမ်းနေရာတွေမှာ စစ်ကြောင်းတွေဖြန့်ထားတာ နောက်ပြီးတော့ စက်သုံးဆီရောင်းတဲ့ ဆိုင်အသေးတွေကိုလည်း ရောင်းချခွင့်ပိတ်လိုက်ပြီ ဆီရောင်းတာတွေ့ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်။ သူတို့တရားဝင်ဖွင့်ခွင့် ပြုထားတဲ့ဆိုင်ကြီးတွေမှာပဲ ဖွင့်ခွင့်ရတော့တယ်။ ဆီဝယ်ရင် ဆီဝယ်စာအုပ်ပါမှ ရောင်းပေးတော့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မင်းလှမြို့နယ်ဘက်မှ လက်ပံတန်းမြို့နယ် အပိုင် ပဲခူးရိုးမ ပေါ်သို့ တက်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ထန်းတောကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသုံးပြု တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော်များ နောက်ပြန်ဆုတ်လာချိန် ရမ်းသမ်း တက်လာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး ၌ပွဲချင်းပြီးသေဆုံးကာ ဖောကားများဖြင့် အလောင်းကောက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“၄ ကောင်နေရာမှာ သေတယ်။ ဆေးရုံမှာ ၂ ကောင် ထပ်သေတယ်ကြားတယ်။ ခွေးအလောင်းနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကို ဖောကားနဲ့ သယ်သွားတာ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။ စစ်ခွေး ကျွန်တော်တို့ဘက်က ထွက်ပြေးတယ်ထင်ပြီး နောက်ကနေအတင်းတက်လာတဲ့အချိန် ရဲဘော်တွေကစောင့်ပြီး ပစ်တော့ ရှေ့ဆုံးက ၄ ကောင်သေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article