ရန်ကုန်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ကြောင်း၊ မကွေးလေတပ်စခန်းမှ စစ်လေယာဉ်များက လာရောက် ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်လေယာဉ်နဲ့ ဗုံး ၄ ကျဲချလို့ ကျောက်လှေကားကျေးရွာက သေဆုံးသူ ၅ ဦးကတော့ အသက် ၁၁ နှစ်အရွယ် မောင်ငချစ်၊ အသက် ၃၀ နှစ်အရွယ် ကိုကျော်နိုင်လင်း၊ အသက် ၁၉ နှစ်အရွယ် မရွှေဇင်ဝင်း၊ အသက် ၁၄ နှစ်အရွယ် မနိုးနိုး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးတို့ဖြစ်ပါတယ်။ လူနေအိမ် ၂ လုံးပျက်စီးပြီး နွား ၁ ကောင်လည်း သေဆုံးပါတယ်” ဟု ကျောက်လှေကားကျေးရွာဒေသပြည်သူ ၁ ဦးက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ စစ်လေယာဉ်များက ကနီမြို့နယ်၊ နတ်ကြီး ကျေးရွာကိုလည်း ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန် သွားရောက် ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း၊ နေအိမ်တချို့ ပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် နတ်ကြီးကျေးရွာမှာ စစ်တပ်၏ အကြိမ်ကြိမ်မီးရှို့မှု၊ အကြိမ်ကြိမ် လေကြောင်းပစ်ခတ်မှုများကြောင့် ပြည်သူများ ကျေးရွာအတွင်း မနေရဲဘဲ စစ်ဘေးရှောင်နေရကြောင်း၊ ထို့ကြောင့် နတ်ကြီးကျေးရွာမှာ ရွာပျက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။
“နတ်ကြီးကျေးရွာကိုတော့ မနေ့ည ၈ နာရီ ၄၅ မိနစ်အချိန်မှာ လာပြီးတော့ စစ်လေယာဉ်နဲပ ဗုံးကျဲပစ်ခတ်ပါတယ်။ ရွာတောင်ပိုင်း၊ ရွာအရှေ့ပိုင်းကို ပစ်ခတ်ပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ မသန်းသန်းဆင့် အိမ် ၁ လုံးကတာ့ ပျက်စီးတယ်” ဟု နတ်ကြီးရွာမှ ဒေသပြည်သူ ၁ ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သော ကျေးရွာများသို့ ဦးတည် ပစ်ခတ်မှုများမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar