ရန်ကုန်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း မုံရွာမြို့မ ရဲစခန်း ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထားရသည့် အချုပ်သားများအပေါ် ရဲများက လုံလောက်သည့် နေရာထိုင်ခင်းမပေးသည့်အပြင် ကျန်းမာရေးနှင့် လျော်ညီသည့် အစားအသောက်များ မကျွေးဘဲ ဥပဒေမဲ့ ဖမ်းဆီးထားရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မုံရွာမြို့မ ရဲစခန်းစခန်းမှူး ပြည့်လင်းအောင် နှင့် ဂတ်စာရင်း ချစ်ညိုညိုတို့သည့် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထာသည့် အချုပ်သူ အချုပ်သားများအပေါ် အဓိကထား ဖိနှိပ်သည့်အပြင် ဆဲရေးတိုင်းထွာခြင်းများ လုပ်ဆောင်ကြောင်း ၊ မိသားစုများက ပေးပို့လာသည့် ပိုက်ဆံနှင့် အခြားပစ္စည်များကို ဖြတ်ယူခြင်း၊ အလွဲသုံးစားလုပ်ခြင်းများကို ကျူလွန်သည့်အပြင် စိတ်မကျေနပ်သည့်အခါတိုင်း ဆဲရေးတိုင်းထွာခြင်းများ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ မြို့မရဲစခန်း၏ ပေ ၃၀၊ ၄၀ ဝန်းကျင်လောက်ရှိသည့် အခန်းအတွင်း နိုင်ငံရေး ပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားအချုပ်သူများ အပါအဝင် အချုပ်သား ၂၀၀ ဝန်းကျင်လောက်အထိ အခန်းကျဉ်းထဲတွင် ထားခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။
“ဒီလိုမျိုး လူဦးရေ ၁၅၀ လောက် အနည်းဆုံးရှိတဲ့ အချုပ်ခန်းမှာရှိတဲ့ အချုပ်ထဲကို စားစရာအဖြစ်ကလည်း ၅ x ၉ အိတ်နဲ့ ထမင်းထုပ်လေးတွေ လာပို့တာရှိတယ်။ ဒါပေမဲ့ ၁၅၀ လောက်ရှိတဲ့ အခန်းကို ထမင်း တစ်ခေါက် တစ်ခေါက်လာပို့ရင် အထုပ် ၁၀၀ လောက်ပဲ ရောက်တယ်။ ကျန်တဲ့ လူတွေက ဒီထမင်းက လောက်ငမှုမရှိတဲ့အပြင် ဟင်းအနေနဲ့ဆိုရင်လည်း ခရမ်းသီးချက်ကိုပဲ နေ့စဉ်သူတို့ ကျွေးမွေးနေတာရှိတယ်။ တချို့ ငွေကြေး အနည်းငယ်ပြေတဲ့လူတွေက ကျန်းမာရေးမထိခိုက်ဖို့နဲ့ အစားအသောက်ရေး အဆင်ပြေဖို့အတွက် ထောင်မိသားစုဝင်၊ အချုပ်ထောင် မြို့မရဲစခန်းရဲ့ ရဲမိသားစုဝင်တွေ ရောင်းတဲ့ ထမင်းကိုပဲ လစဉ် မြန်မာကျပ်ငွေ ၂ သိန်းကနေ ၃ သုံးလောက်အထိ ပေးပြီးတော့ ဒါကို ဝယ်ယူစားသောက်နေရာတာ ဖြစ်ပါတယ်။ အချုပ်ခန်းထဲမှာ အမိန့်ကျပြီးသား လူတွေဥိုပါ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ မုံရွာမှာ မုံရွာ အကျဉ်းထောင်ရှိပါတယ်။ အကျဉ်းထောင်ထဲကို ပို့ရမယ့်အစားဒီလိုလူတွေကို တင်းကျပ်စွာ ထားပြီးတော့ ရဲမိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ငွေကြေးရရှိရာ ရရှိကြောင်း သူတို့ လုပ်ဆောင်နေတာ တွေ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထိုသို့ နိုင်ငံရေးအချုပ်သားများ အပါအဝင် အချုပ်သားများစွာကို စုပြုံထားရှိသည့် အခန်းတွင် အချုပ်ထောင်တစ်ခုစာ ပမာဏ လူများ ထားရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ စုပြုံထားရှိရခြင်းသည် တိုက်ခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို လူသား ဒိုင်းကာအဖြစ် အသုံးချရန် လုပ်ဆောင်ရန် ရည်ရွယ်ရင်းအပြင် နိုင်ငံရေးအကျဉ်းသားများကို အသုံးပြုပြီး ဝင်ငွေရှာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
“ ဒီလိုလုပ်ရပ်တွေကို မုံရွာမြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သိရှိထားဖို့ လိုအပ်သလို အဲဒီမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စခန်းမှူး ၊ ဂတ်စာရေး တွေဟာ အင်မတန်ကိုမှ ဆိုးရွားပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ ဖိနှိပ်နေတဲ့ လူတွေ ဖြစ်တယ်။ အမြန်ဆုံးထိန်းကျောင်းပေးဖို့လိုအပ်သလို အသိပေး ၊ သတိပေးဖို့ လိုအပ်တယ်ဆိုတာ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ လုံးဝလက်ခံခြင်း မရှိသလို ရှုတ်လည်း ရှုတ်ချတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ – မုံရွာမြို့မရဲစခန်းမှ အကြမ်းဖက်ရဲများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar