31 C
Yangon

မြောင်းမြတွင် စစ်မှုထမ်း ကြေးဟုဆိုတာ တစ်အိမ်လျှင် ငွေကျပ် ၉ သောင်း လစဉ်ကောက်ခံနေပြီး လူစားထိုးကြေး အဖြစ် တစ်ရွာလျှင် ငွေကျပ်သိန်း ၂၄၀ စစ်တပ်က တောင်းခံ၊ ပုသိမ်နှင့် အင်္ဂပူတို့တွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးဟုဆိုတာ ငွေကျပ် ၉ သောင်းနှုန်း လစဉ် ကောက်ခံနေပြီး စစ်တပ်ကလည်း တပ်သားသစ်မပေးနိုင်သော ကျေးရွာများကို လူစားထိုးကြေး အဖြစ် တစ်ရွာလျှင် ငွေကျပ်သိန်း ၂၄၀ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြောင်းမြမြို့နယ်၊ ကွင်းပေါက်ကြီးရွာတွင် အုပ်ချုပ်ရေးမှူး သန်းဌေးက စစ်မှုထမ်းကြေးဟုဆိုကာ နေအိမ်ရှိ ယောကျာ်းလေး ဦးရေပေါ် မူတည်ပြီး ၁ ဦးလျှင် ငွေကျပ် ၉၀၀၀၀ နှုန်း လစဉ် ကောက်ခံပြီး ယောကျာ်းလေးမရှိသည့် နေအိမ်များကို ငွေကျပ် ၅၀၀၀၀ နှုန်း ကောက်ခံနေကြောင်း သိရသည်။

အလားတူ ကွင်းပေါက်ကြီးရွာနှင့် ကပ်လျက်တွင်ရှိသော ကျွန်းထိပ်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် နဝတ ခေတ်တွင် အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးသော ဌေးဝင်း ဆိုသူတို့က တစ်အိမ်ကို ငွေကျပ် ၉၀၀၀၀ နှုန်းကောက်ခံပြီး မထည့်သည့် နေအိမ်များကို ဆဲဆိုကျိန်းမောင်း၍ စစ်တပ်ခေါ် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ထို့ပြင် ကျွန်းထိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဦးနှင့်ဌေးဝင်းတို့က စစ်မှုထမ်း လူစားထိုးကြေးဟုဆိုကာ တပ်သားသစ် ၂ ဦးကို သိန်း ၂၄၀ ပေးရသည်ဟုဆိုကာ ပြည်သူများထံမှ လူစားထိုးကြေးပါ ထပ်မံလိုက်လံကောက်ခံနေကြောင်း သိရသည်။

“ကွင်းပေါက်ကြီးကျေးရွာက အုပ်ကြီးနဲ့ အဖွဲတွေက စစ်မှုထမ်းအတွက် ပိုက်ဆံကောက် မိုက်ကြေးခွဲနေတာ လတိုင်းပဲ ယောကျာ်းလေး ၄ ယောက်တဲ့ အိမ်ဆို ၄ ယောက်ဖိုး ပေးရတယ်။ ရွာကလူတွေလည်း တစ်လတစ်ကြိမ်ကို ပေးနေရတယ်။ ပထမ အသုတ် စစ်မှုထမ်း ခေါ်လို့ပါသွားတဲ့ ၁ ယောက်လည်း ရှေ့တန်းမှာ သေသွားလို့ ကိုယ့်အလှည့် ဘယ်တော့လာမလည်း ဆိုပြီး ကြောက်နေကျတယ်။ နောက်ပြီး ကျွန်းထိပ်ရွာကပိုဆိုးတယ်။ အုပ်ကြီး ဝင်းဦးနဲ့ အရင် နဝတခေတ်က အုပ်ကြီး လုပ်ခဲ့ဖူးတဲ့ ဌေးဝင်းတို့က တပ်သားသစ် ၂ ဦး လူစားထိုးပေးရတယ်ဆိုပြီး သိန်း ၂၄ဝ တောင်းလို့ ရွာက စုပေးရတယ်။ ရွာတွေ အားလုံးက အုပ်ကြီးတွေက တူတူပဲ ပြည်သူကိုပဲ ဖိနှိပ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပုသိမ်မြို့နယ်၊ ဘုရားချောင်းအုပ်စု အကြမ်းဖက်အုပ်ချုပ်ရေးမှူး ဝင်းဦးက ကင်ပွန်းချဉ်၊ ရွာသစ်ကုန်း၊ သံပါတ်ကုန်း၊ သုံးအိမ်တန်း ကျေးရွာများကို စစ်မှုထမ်း‌ ထောက်ပံ‌ကြေးအတွက် လစဉ် ၁၀၀၀၀ ကျပ် တောင်းခံနေကြောင်း၊ ထို့ပြင် ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်းရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်သော ဘုန်းကြီး ကျောင်းသား ၁ ဦးကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်တပ် လက်အောက်ခံ ရဲများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရာဇာကြီးဆိုသူက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြည်သူများကို အစည်းအဝေးခေါ်ယူ၍ အသက် ၃၀ နှစ် မှ ၆၀ နှစ် အတွင်းရှိ အမျိုးသားများကို ၁ ရပ်ကွက်လျှင် လူဦးရေ ၅၀ ဦးနှုန်း ပေးရမည်ဟု ခေါ်ယူပြောဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွေးချယ်ခံရသော ပြည်သူများသည် ထူးကြီးခန်းမတွင် သင်တန်း ၁၄ ရက်တက်ရမည်ဖြစ်ပြီး မြို့ရွာ လုံခြုံရေး အတွက် ရပ်ကွက်အလိုက် လူခေါ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းအတွင်း လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧရာ၀တီတိုင်းအတွင်း လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article