ရန်ကုန်| ဒီဇင်ဘာ ၂၀
ယမန်နေ့ ညပိုင်း စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် သံတွဲမြို့ပေါ် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ စံပယ်လမ်းထိပ်နှင့် မြေစာရင်းရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် အမှတ် ၁ ရပ်ကွက်က အသက် ၅၅ နှစ်အရွယ် ဒေါ်တင်တင်ချို၊ အသက် ၆၃ နှစ်အရွယ် ဦးရဲအောင်နှင့် အသက် ၈၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့က ဒဏ်ရာရရှိသွားကြောင်း၊ အမှတ် ၁ ရပ်ကွက်က လူနေအိမ်နှစ်ဆောင် ပျက်စီးသွားသလို မြေစာရင်းရုံးမှာလည်း ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့နယ် ကြံတောကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် စစ်ရှောင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူများမှာ ပဒေသာကျေးရွာက ဒေါ်မသိန်းနု၊ ဒေါ်သိန်းနုမာ၊ မဘုမချေနှင့် ယင်းရွာသို့ အလည်ရောက်နေသည့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ကြောင်း၊ အလားတူ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီ ရေတပ် နေဗီများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကျောင်းသားအရွယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပစ်ခတ်လိုက်သော စစ်ကောင်စီ နေဗီ၏ လက်နက်ကြီးကျည်မှာ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဥဒေါင်းကျေးရွာက အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားများဖြစ်သည့် အောင်မင်းဟိန်းနှင့် ဇော်လင်းဟိန်းတို့မှာ ဒဏ်ရာရရှိသွားကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ ရေတပ်သည် မောင်တောဒေသကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၉ ရက် နံနက်ကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း သွားလာနေသော စစ်ကောင်စီ စစ်သင်္ဘောများမှာ မောင်တောဒေသကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ၊ အာရက္ခတပ်တော် AA သည် မောင်တောဒေသတွင် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့တချို့ကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ – ၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်ည ၁၁ နာရီကျော်အချိန်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ သံတွဲမြို့ပေါ်က ပျက်စီးသွားသော နေအိမ်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ (ဓါတ်ပုံ – APM)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar