ရန်ကုန်၊ ဒီဇင်ဘာ ၂၀
တရုတ်နိုင်ငံက ဖောက်လုပ်ရန် စီစဥ်နေသော မူဆယ်-မန္တလေးမီးရထားလမ်းကြောင်းတစ်လျှောက်တွင် တည်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို ၂ လအတွင်း စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၆၈ ဦးသေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆၈ ဦးသေဆုံးပြီး ၁၃၆ ဦး ထိခိုက်မှုရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်ခံရမှုတွင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ ဈေးဆိုင်များနှ့င့် စက်ရုံအလုပ်ရုံများ စုစုပေါင်း ၃၃၉ ခုကျော် အထိ ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရသည့် မြို့နယ် အများစုသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသည့် မြို့နယ်များ ဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများ ဖြစ်ကြောင်း သိရှိရသည်။
“အဓိက ပြည်သူတွေကို Target ထားတာပဲ။ တိုက်ပွဲ ဖြစ်နေတာလည်း မရှိဘဲ သူတို့က လက်နက်ကိုင်တွေ တိုက်ခိုက်တယ်လို့ ပြောပေမယ့် အများဆုံးသေဆုံးတာက ပြည်သူတွေပဲ။ ပြီးတော့ တရုတ်ကို မျက်နှာလို မျက်နှာရလုပ်ဖို့ ဒီနေရာတွေမှာ ငါတို့တွေက နယ်မြေစိုးမိုးထားနိုင်တယ်လို့ ပြချင်တဲ့အတွက်ကြောင့်လည်း တရုတ်စီမံကိန်းတွေ ခြိမ်းခြောက်နိုင်တယ်လို့ ပြချင်တဲ့ အနေနဲ့လည်း ဗုံးကျဲတာ ဖြစ်နိုင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် တရုတ်နိုင်ငံက စီမံလျက်ရှိသည့် မူဆယ်-ကျောက်ဖြူ အမြန်ရထားလမ်း၏ မြောက်ပိုင်းတစ်လျှောက်တွင် တည်ရှိသော မြို့များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒေသများသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံပြီးနောက် စတင်အကောင်အထည်ဖော်လုပ်ဆောင်နိုင်သည့် ဒေသများအဖြစ် ကြေညာထားသည့် နေရာများ ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။
ထို့ပြင် မူဆယ်မြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်နိုင်မည့် ၄၀၉.၉၆ ကီလိုမီတာရှည်လျားသော မီးရထားလမ်းပိုင်းသည် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံကုန်ကျ မည်ဖြစ်ပြီး တံတား ၁၂၄ စင်း၊ လှိုဏ်ခေါင်း ၆၀ ခုနှင့် ဓာတ်အားပေးစက်ရုံ ခွဲ ၁၁ ခုပါဝင်မည်ဖြစ်ကာ အဆိုပါ စက်ရုံခွဲများသည် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချပြီး ဆောက်လုပ်ထားသော ရှမ်း ပြည် နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူ မြစ်၊ မြစ်ငယ်မြစ်နှင့် သံလွင်မြစ်ပေါ်ရှိ တာတမံများက ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆိုသည်။
ထိုသို့ တရုတ်နိုင်ငံ အကောင်အထည်ဖော် လုပ်ဆောင်မည့် စီမံကိန်းများနှင့် ဆက်စပ်နေ၍ အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများကြောင့် တိုက်ခိုက်နေသည့် မြို့များမှာ သီပေါ၊ မိုင်းရယ်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲ စသည့် မြို့များ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကောင်စီက ရှမ်းမြောက်ဒေသကို စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar