စစ်ကိုင်းမြို့ပေါ် လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို စစ်တပ်က ပစ်ခတ်မှု အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို လိုက်လံ ပစ်ခတ်ရာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက် ပြေးသည့် လူငယ်များကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော သေနတ်ကျည် ၂ ချက် ထိမှန်ပြီး စစ်ကိုင်းမြို့ ဇေယျာကွက်သစ် ရပ်ကွက်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းမြို့ လက်ဖက်ရည်ဆိုင်မှာ စစ်ခွေးတွေ လူငယ်တွေကို ၂၀ ရက်နေ့က ပေါ်တာ ဝင်ဆွဲတာ ပြေးလို့ဆိုပြီး ပစ်သတ်လိုက်တာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမင်းသူ သေနတ်ကျည် ၂ ချက်ထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော ကိုမျိုးမင်းသူ၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေသမားသုန်သာန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရှိရသည်။